အောက်တိုဘာ-၂၈၊၂၀၂၆။ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ဖက်ဆစ်စနစ်လုံး၀ ပပျောက်ရေး တိုက်ပွဲဝင်ရာမှာ ပြည်သူတရပ်လုံးပူးပေါင်းကြဖို့ကချင်လွတ်လပ်ရေးအဖွဲ့(KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက တိုက်တွန်းလိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း ညီညွတ်ကြဖို့လိုအပ်ကြောင်း ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၂၅ရက်မှာ ကျရောက်တဲ့ KIO တည်ထောင်ခြင်း ၆၆နှစ်ပြည့်နေ့ မိန့်ခွန်းမှာ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လရဲ့ ကချင်ဘာသာနဲ့ မိန့်ခွန်းပြောကြားချက်ကို KIO/KIAသတင်းပြန်ကြားရေးဌာနကအောက်တိုဘာ ၂၈ရက်မှာ မြန်မာဘာသာနဲ့ ဘာသာပြန် ဖော်ပြခဲ့တာပါ။
၂၀၂၁ ခုနှစ်နောက်ပိုင်း တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ပိုမိုပြိုပျက် ဆိုးရွားလာတာဟာလည်း စစ်ကော်မရှင်ရဲ့ လူမဆန်တဲ့လုပ်ရပ်ကြောင့်ဖြစ်တယ်လို့ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောပါတယ်။

Public Service Announcement
ခိုင်မာတဲ့ဖက်ဒရယ်ပြည်ထောင်စုကြီးပေါ်ထွန်းလာမှာကို မလိုလားတဲ့ စစ်ကော်မရှင်ဟာ ပြည်သူများနေထိုင်တဲ့မြို့ရွာတွေ၊စာသင်ကျောင်းတွေ၊ ဆေးရုံဆေးပေးခန်းတွေပါမကျန် လုပ်ငန်းခွင်နေရာတွေအထိ လေယာဉ်နဲ့ဗုံးကြဲတာတွေ လက်နက်မျိုးစုံနဲ့ ပစ်ခတ်သတ်ဖြတ်နေတာတွေ လုပ်နေကြောင်းလည်း KIO ဥက္ကဋ္ဌက ပြောကြားပါတယ်။ ဒါ့အပြင် အာဏာသိမ်းစစ်တပ်ဟာ လူငယ်များအား လူညွန့်တုံးအောင် မူးယစ်ဆေးဝါးကို လက်နက်သဖွယ် အသုံးပြု ဖျက်ဆီးနေကြောင်းလည်း KIO ဥက္ကဋ္ဌရဲ့ မိန့်ခွန်းမှာ ပါရှိပါတယ်။
“ဒါကြောင့် တိုင်းသူပြည်သားများအားလုံး ကလေးသူငယ်များပါမကျန် အော့နှလုံးနာ ခံစားနေရတဲ့ ဒီစစ်ကော်မရှင်ရဲ့ ဖက်ဆစ်စနစ်ကြီး လုံး၀ ပပျောက်သွားအောင် ဖယ်ရှားပစ်ဖို့ တိုက်ပွဲဆင်နွှဲရာမှာ တိုင်းသူပြည်သားများအားလုံး ပူးပေါင်းပါဝင်ဖို့ လိုအပ်သလို လက်နက်ကိုင်တော်လှန်နေကြတဲ့ တိုင်းရင်းသား အချင်းချင်း ညီညွတ်ဖို့လိုအပ်တယ် “လို့ ဗိုလ်ချုပ်ကြီးအင်ဘန်လက ပြောကြားပါတယ်။
KIO အဖွဲ့ဝင်တွေဟာ ကချင့်တော်လှန်ရေး အောင်နိုင်ရေးပင်မကျောရိုးဖြစ်သလို အဓိက ခွန်အားလည်းဖြစ် ကြောင်းလည်း အဖွဲ့ဥက္ကဋ္ဌက ပြောကြားပါတယ်။
“ဒါကြောင့် တိုင်းသူပြည်သားများအားလုံး လက်တွဲညီညီနဲ့ အခက်အခဲအကျပ်အတည်းများ ကျော်ဖြတ်ကာ အားလုံးမျှော်လင့်တောင့်တနေတဲ့ ခိုင်မာတဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီး အမြန်ဆုံးပေါ်ထွန်းလာဖို့အတွက် ကြိုးပမ်းအားထုတ်ကြပါစို့” လို့KIO ဥက္ကဋ္ဌက ပြောကြားပါတယ်။
KIO ဥက္ကဋ္ဌ ရဲ့ မိန့်ခွန်းမှာ အာဏာသိမ်းစစ်တပ်ဟာ တိုင်းရင်သားအချင်းချင်း သွေးကွဲအောင် လုပ်ဆောင်နေကြောင်းလည်း သတိပေးခဲ့ပါတယ်။ ရှမ်းနဲ့ ကချင်အကြား စိတ်ဝမ်းမကွဲကွဲအောင် လုပ်ဆောင်နေကြောင်း အာဏာသိမ်းစစ်တပ်က ရှမ်းနီတပ်(SNA) ကို အသုံးချကာ စစ်ရေးဖော်ဆောင်နေမှုကို ဥပမာပေး ပြောကြားခဲ့တာဖြစ်ပါတယ်။လက်ရှိမှာ KIO/KIA နဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေဟာ ကချင်၊ ကချင်-စစ်ကိုင်းအစပ်၊ ကချင်-ရှမ်းမြောက်အစပ် ဒေသ တွေမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲဖြစ်ပွားလျက်ရှိပါတယ်။တိုက်ပွဲတွေမှာအထိနာနေတဲ့စစ်တပ်ဟာ ရှမ်းနီ SNA အပါအဝင် ဒေသခံ ပြည်သူ့စစ်တွေကို အသုံးပြုပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်နေသလို အဓမ္မ စစ်သားစုဆောင်းထားတဲ့ ပစခေါ် စစ်မှုထမ်းတပ်သားသစ်တွေကိုလည်း ကချင်စစ်မျက်နှာတွေမှာ လူသားဒိုင်းသဖွယ် လူလှိုင်းနဲ့ စစ်ရေးဖော်ဆောင်ကာ ဆုံးရှုံးနယ်မြေတွေ ပြန်ရဖို့ ကြိုးပမ်းလျက်ရှိပါတယ်။
KIOဟာစစ်ကောင်စီကို စစ်ရေးအရ အထိနာအောင် တိုက်ခိုက်နေသလို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)၊ ချင်းအမျိုးသားတပ်ဦး(CNF) တို့နဲ့ ပူးပေါင်းပြီးဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ(SCEF)ကို ဖွဲ့စည်းကာ အာဏာသိမ်းစစ်တပ်ကို ဘက်ပေါင်းစုံက တိုက်ခိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိပါတယ်။စစ်ကိုင်းဖက်ဒရယ်ယူနစ်၊မကွေးဖက်ဒရယ်ယူနစ်တို့ကလည်းSCEF အဖွဲ့ဝင်တွေဖြစ်လာပြီး AA ၊ARAတပ်ပေါင်းစု အပါအဝင် ကျန်တော်လှန်ရေးအင်အားစုတွေနဲ့လည်း SCEF ကဆက်တိုက်တွေ့ဆုံဆွေးနွေးနေပါတယ် ။
SCEF ရဲ့ စစ်ရေးကော်မတီ ပူးတွဲဥက္ကဋ္ဌ တာဝန်ကိုလည်း KIOနဲ့ KNU ခေါင်းဆောင်တွေက တာဝန်ယူထားတာဖြစ်ပြီး SCEF အဖွဲ့ဝင် အဖွဲ့အစည်းတွေ၊ မိတ်ဖက်တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ အသိပေးထားပါတယ်။




















































