အောက်တိုဘာ ၂၈၊ ၂၀၂၆။ ဟာနာဆန်/People’s Spring
မန္တလေးတိုင်း၊ မလှိုင်မြို့ပေါ်မှာ သီတင်းကျွတ်လပြည့်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး အဘွားအို ၁ဦးသေဆုံးကာ ပြည်သူ ၁ဦး ဒဏ်ရာရခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။
အောက်တိုဘာ ၂၆ ရက် သီတင်းကျွတ်လပြည့်နေ့ မနက် ၁၁ နာရီခန့်က မလှိုင်မြို့၊ အမှတ် (၃) ရပ်ကွက်ရှိ မျိုးအောင်စက်ဘီးဆိုင်ရှေ့မှာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး (၈၅)နှစ်အရွယ် ဒေါ်ချိုတီဆိုသူ ဒဏ်ရာပြင်းထန်စွာရရှိကာ ဆေးရုံမှာ ကွယ်လွန်သွားခဲ့ပြီး၊ စက်ဘီးလာဝယ်တဲ့ (၅၃)နှစ်အရွယ် ဦးဇော်မိုးဆိုသူလည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံအချိူ့က ပြောပါတယ်။
အဆိုပါ ပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး Ma Hlaing Revolution အဖွဲ့နဲ့ Guardian Of Mahlaing အဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းရာမှာ အခင်းဖြစ်ရာနေရာဟာ စစ်ရေးပစ်မှတ်မဟုတ်တဲ့အတွက် တော်လှန်ရေးအဖွဲ့တွေရဲ့လုပ်ရပ် လုံးဝမဟုတ်ကြောင်း ငြင်းဆိုပါတယ်။

Public Service Announcement
“ပေါက်ကွဲမှုဖြစ်တာကော အမျိုးသမီးတယောက်သေတာကောကတော့ ဟုတ်ပါတယ်။ တော်လှန်းရေးဘက်ကလုပ်တာတော့မဟုတ်ပါဘူး။ နောက်ပြီး ဘာပေါက်ကွဲတာလဲကလဲ confirm တော့မသိသေးပါဘူး”လို့ Ma Hlaing Revolution အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
အလားတူ Guardian Of Mahlaing အဖွဲ့ကလည်း အဲဒီဖြစ်စဉ်ဟာ တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်ခဲ့ခြင်း လုံးဝ မဟုတ်ကြောင်း ရှင်းပြပါတယ်။
”ကျနော်တို့သိထားသလောက် တော်လှန်ရေးအဖွဲ့တွေဘက်က တိုက်ခိုက်မှုလုပ်တာ လုံးဝမဟုတ်ပါဘူး။ အရပ်သားနေအိမ်ကို တိုက်ခိုက်စရာအကြောင်း မရှိသလို တော်လှန်ရေးစကတည်းက မလှိုင်မြို့နယ်ထဲမှာ ဘယ်အရပ်သားနေအိမ်ကိုမှ တိုက်ခိုက်ခဲ့တာမရှိပါဘူး၊ စုံစမ်းကြည့်လို့ရပါတယ်” ဟု Guardian Of Mahlaing အဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။
ဒါ့အပြင် ယခုဖြစ်စဉ်ဟာ သီတင်းကျွတ်ကာလဖြစ်တဲ့အတွက် မီးရှူးမီးပန်းတွေနဲ့ ဆက်စပ်ပြီး ဂက်စ်အိုးကဲ့သို့ ပစ္စည်းမျိုး ပေါက်ကွဲတာမျိုးဖြစ်နိုင်သကဲ့သို့ စစ်အုပ်စုရဲ့လက်ချက်လည်း ဖြစ်နိုင်ကြောင်း ၎င်းက သုံးသပ်ပြောဆိုပါတယ်။
“ဘာလို့ဒီလိုပြောလည်းဆိုတော့ အခုကာလမှာ စစ်အုပ်စုက ဘာသာရေး၊ လူမျိုးရေးအထိကရုဏ်းဖြစ်ဖို့ကြိုးစားနေတာ အားလုံးအသိပါ။ ဖြစ်တဲ့ဆိုင်က မွတ်ဆလင်ဘာသာဝင်ပိုင်တဲ့ဆိုင်ဖြစ်ပြီးတော့ သေဆုံးသွားခဲ့တာကလည်း မွတ်ဆလင်အမျိုးသမီးပါ” လို့Guardian Of Mahlaing အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၃၁ ရက်ကလည်း မလှိုင်မြို့နယ်မှာ ပျူစောထီးအဖွဲ့ ဖွဲ့ထားတဲ့ ထမ္မကြီးကျေးရွာကို တော်လှန်ရေးအဖွဲ့တွေက စီးနင်းခဲ့ပြီးနောက် အုပ်ချုပ်ရေးမှူးအပါအဝင် ၁၂ ဦး သေဆုံးခဲ့ပါတယ်။




















































