အောက်တိုဘာ-၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းက ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့လို့ တပတ်အတွင်း အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU)က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၉ ရက်မှ၁၅ရက်နေ့အတွင်း KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင် အတွင်းက ကျေးရွာတွေကို စစ်တပ်က တိုက်ပွဲမရှိဘဲ ဗုံးကြဲခဲ့တဲ့ အခြေအနေတွေကို အသိပေး ထုတ်ပြန်ခဲ့တာပါ။
အဲဒီကာလအတွင်း စစ်တပ်က ကျိုက်ထိုမြို့နယ် ငှက်ပျောတောရွာ၊ ကျောက်ဖျာအောက်ရွာအနီး စစ်ရှောင်ခိုလှုံရာနေရာ၊ အလူးရွာ၊ ပတိမ်တောင်ရွာ၊ မိုးဘောနတ်စင်ရွာ၊ ဇီးကုန်းစုနဲ့ ရှမ်းစုရွာ တွေနဲ့ အနီးဝန်းကျင်နေရာတွေကို စစ်တပ်က တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။

Public Service Announcement
စစ်တပ်ကငှက်ပျောတောရွာကို ဒရုန်းဗုံးကြဲတာကြောင့် အမျိုးသမီး ၁ ဦး အပါအဝင် ၃ဦး သေဆုံးပြီး ၁ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ဖျာအောက်ရွာအနီး စစ်ဘေးရှောင်ပြည်သူများ ခိုလှုံရာနေရာနဲ့ နီးဝန်းကျင်ကို လေကြောင်းမှဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာ၊ဒရုန်းတွေနဲ့ ဗုံးကြဲခဲ့တာကြောင့် တဲအချို့ပျက်စီးခဲ့ပါတယ် ။ဒါပေမယ့် လူထိခိုက်သေဆုံးမှုတော့ မရှိပါဘူး။
အလူးကျေးရွာ လေကြောင်း တိုက်ခိုက်ခံရမှုမှာတော့ အရပ်သား ၅ဦးသေဆုံးကာ ၁၀ဦး ဒဏ်ရာရရှိခဲ့ကြောင်းဖော်ပြပါတယ်။ ဒါ့အပြင် နေအီမ် ၁၄လုံးပျက်စီးခဲ့ရကြောင်း အသိပေးပါတယ်။
ပတိမ်တောင်ရွာ၊ မိုးဘောနတ်စင်ရွာ၊ ဇီးကုန်းစုနဲ့ ရှမ်းစုရွာ ရှိ အရပ်သားနေထိုင်ရာနဲ့ လုပ်ငန်းခွင်တွေကိုစစ်တပ်ကလက်နက်ကြီး၊ဒရုန်းနဲ့ လေကြောင်း တိုက်ခိုက်ခဲ့ရာမှာလည်း အရပ်သားပိုင်ပစ္စည်းတွေ ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ဒေသခံ တွေ၊ စစ်ရှောင်တွေ အနေနဲ့ လုံခြုံရေးနဲ့ လူသားချင်း စာနာထောက်ထားမှု ဆိုင်ရာ အခက်အခဲတွေ ပိုမိုကြုံတွေ့နေကြရကြောင်းလည်း KNUက ထုတ်ပြန်ပါတယ်။




















































