နိုဝင်ဘာ-၁၉၊၂၀၂၆။People’s Spring
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ပတ်သက်ပြီး မြန်မာအပေါ် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ)က ချမှတ်မယ့် စီရင်ချက်ဟာ ရိုဟင်ဂျာတွေအတွက် အရေးပါတဲ့ အခိုက်အတန့် ဖြစ်လာမယ်လို့ မြန်မာ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ (UN) အထူးကိုယ်စားလှယ်က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံမှာရိုဟင်ဂျာတွေလူမျိုးသုဉ်းသတ်ဖြတ်တာခံနေရကြောင်းဂမ်ဘီယာ အစိုးရက စွပ်စွဲထားတဲ့ အမှုအတွက် နယ်သာလန်နိုင်ငံ၊ ဟိဂ်မြို့မှာရှိတဲ့ ICJက ဒီကနေ့(နိုဝင်ဘာ ၁၉) မှာအပြီးသတ်ဆုံးဖြတ်ချက်ချမှာဖြစ်ပါတယ်။
နိုဝင်ဘာ ၁၈ ရက်နေ့မှာတော့ UN အထူးကိုယ်စားလှယ် ကယ်လီကာရီက ဂမ်ဘီယာနဲ့ မြန်မာကြားက တရားရေး အားပြိုင်မှု နောက်ဆုံးရလဒ်ဟာ ရိုဟင်ဂျာတွေအတွက် အရေးပါတဲ့ အခိုက်အတန့် ဖြစ်လာလိမ့်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement
စီရင်ချက်က ဘာဖြစ်မလဲ ဆိုတာကို ဘယ်သူမှ မသိကြကြောင်း၊ အဲဒီအတွက်လည်း မျှော်လင့်ချက်တချို့လည်း ထားမိကြောင်း ကာရီက ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။
ICJရဲ့ အပြီးသတ် ဆုံးဖြတ်ချက်မှာတော့ ရိုဟင်ဂျာတွေ ကျူးလွန်ခံခဲ့ရတဲ့ ရာဇဝတ်မှုတွေကို တိတိကျကျဖော်ထုတ်အသိအမှတ်ပြုပြီး တရားမျှတမှု လမ်းကြောင်းဆီ ပို့ဆောင်ပေးဖို့ မျှော်လင့်ကြောင်း သူက ဆိုပါတယ်။ ပြီးတော့ စီရင်ချက်ကို ICJ အဖွဲ့ဝင် နိုင်ငံအားလုံးက လေးစားလိုက်နာ အကောင်အထည် ဖော်ပေးကြဖို့လည်း ကာရီက တိုက်တွန်းခဲ့ပါတယ်။
တကယ်လို့ စီရင်ချက်ဟာ မျှော်လင့်ချက်တွေ အကြီးကြီး ထားရှိသလောက်ထိ ဖြစ်မလာခဲ့ဘူး ဆိုရင်တောင်မှ အခုအမှုဟာ ဒုက္ခဆိုးကနေ ရှင်သန်ကျန်ရစ်ခဲ့တဲ့ ရိုဟင်ဂျာတွေရဲ့ ခွန်အား၊ တရားမျှတမှုအတွက် သူတို့ရဲ့ တောင်းဆိုမှုတွေကို ထင်ဟပ်စေခဲ့ကြောင်း ကာရီက ပြောဆိုသွားပါတယ်။
ICJရဲ့ ဆုံးဖြတ်ချက်ကဘယ်လိုပဲရလဒ်ထွက်လာတာဖြစ်ပါစေ၊ ရှင်သန်ကျန်ရစ်သူ ရိုဟင်ဂျာတွေ၊ သူတို့ရဲ့ လူ့အဖွဲ့အစည်း၊ ကမ္ဘာအနှံ့မှာ သူတို့ကို ထောက်ခံ အားပေးနေသူတွေက တရားမျှတမှုအတွက်၊ ရာဇဝတ်မှု ကျူးလွန်သူတွေ ပြစ်ဒဏ်မခံရဘဲ လွတ်မြောက်နေတာကို ရပ်တန့်စေဖို့အတွက် တိုက်ပွဲဝင် တောင်းဆိုနေတာတွေကတော့ လုံးဝ ရပ်တန့်သွားမှာ မဟုတ်ဘူးလို့လည်း ကာရီက ဆိုပါတယ်။ သူက အဲဒီ တောင်းဆိုမှုတွေနဲ့အတူ ရပ်တည်တယ်လို့လည်း ကာရီက ဆက်ပြောပါတယ်။
ရိုဟင်ဂျာ အများအပြားဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရပြီး မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခတွေကြောင့် နေရပ်ကို ဘေးကင်းကင်းနဲ့ ပြန်လို့ မရဘဲ ဖြစ်နေကြောင်း သူက မှတ်ချက်ပေးခဲ့ပါတယ်။ရိုဟင်ဂျာတွေ၊ လူနည်းစု လူ့အဖွဲ့အစည်းတွေ အပါအဝင် အစုအဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးမှုကသာ မြန်မာ့ အနာဂတ်နဲ့ ပတ်သက်ပြီး အခြေခံ အကျဆုံး နိုင်ငံရေးဆိုင်ရာ ဖြေရှင်းမှုတွေကို ထွက်ပေါ်လာစေလိမ့်မယ်လို့လည်း သူက သုံးသပ်သွားခဲ့ပါတယ်။
ကိုးကား-New Age























































