နိုဝင်ဘာ ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်-ရှမ်းမြောက်အစပ် မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ အာဏာသိမ်းစစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ်ဖြစ်ပွားလျက်ရှိကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနရဲ့ နိုဝင်ဘာ ၁၈ရက် သတင်းဖော်ပြချက်မှာ အသိပေးထားပါတယ်။
နိုဝင်ဘာ ၁၇ရက် မနက်မှာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်းပိုင်း ၅မိုင်နဲ့ ၆မိုင်ကြားမှာ တိုက်ပွဲဖြစ်ခဲ့လို့ စစ်တပ်က တိုက်ခိုက်ရေးရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူခဲ့ရသလို ညနေပိုင်းမှာလည်း ၄မိုင်နဲ့ ၅မိုင်ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း ဖော်ပြပါတယ်။ ညနေပိုင်းမှာလည်း စစ်တပ်က ရဟတ်ယာဉ်နဲ့ လေကြောင်း ပစ်ကူပေး တိုက်ခိုက်ခဲ့ရကြောင်း အသိပေးပါတယ်။
တိုက်ပွဲထိခိုက်ကျဆုံးအခြေအနေတွေ ဖော်ပြမထားပေမဲ့ ကချင်သတင်းရင်းမြစ်အချို့ရဲ့ ပြောပြချက်အရ မိုးမိတ်ဒေသ ထိုးစစ်ဆင်နေတဲ့ အာဏာသိမ်းစစ်တပ်ဟာ KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် မြို့အနီးကို ပြန်လည်ဆုတ်ခွာနေရတဲ့ အခြေအနေလို့ ဆိုပါတယ်။

Public Service Announcement
စစ်တပ်ဟာ မိုးမိတ်ဒေသကို အင်အား ၁၀၀၀ ခန့် ဖြည့်တင်းပြီး အောက်တိုဘာလဆန်းမှာ ထိုးစစ်ဆင်ခဲ့ရာ မိုးမိတ်-မြစ်ဆုံ-မဘိမ်းလမ်း ၉မိုင်နဲ့ ၁၀မိုင်အကြားအထိ စစ်ကြောင်းတွေ ဝင်ရောက်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာလဆန်းမှာတော့ KIA ပူးပေါင်းတပ်က တန်ပြန်ထိုးစစ်ဆင်လို့ စစ်ကောင်စီတပ်တွေ မိုးမိတ်မြို့ဘက် ပြန်လည်ဆုတ်ခွာသွားရပြီး လတ်တလော တိုက်ပွဲဖြစ်နေတဲ့ ၄မိုင်၊ ၅မိုင်နဲ့ ၆မိုင်နေရာတွေမှာ တပတ်ကျော်ကြာ တိုက်ပွဲတွေရှိနေတာပါ။
မိုးမိတ်တိုက်ပွဲမှာ စစ်တပ်က အရာရှိတွေအပါအဝင် သေဆုံးထိခိုက်မှုများရှိခဲ့ပြီး စစ်သုံ့ပန်းအချို့နဲ့လက်နက်တွေရရှိထားကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြထားပါတယ်။ KIA သတင်းပြန်ကြားရေးဌာနကတော့ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေမှုအခြေအနေကိုသာ ဖော်ပြကာ စစ်ရေးအခြေအနေအသေးစိတ်နဲ့ထိခိုက်ကျဆုံး သတင်းတွေကိုတော့ ဖော်ပြလေ့မရှိပါဘူး။























































