နိုဝင်ဘာ-၂၅၊၂၀၂၆။ခိုင်မြတ်၊ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ်က ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်နဲ့ ယိုးတရုတ် လူနေရွာတွေကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲခဲ့တာကြောင့် ဒေသခံအရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရသွား ခဲ့တယ်လို့ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။
နိုဝင်ဘာလ ၂၃ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်မှာ ပုဏ္ဏားကျွန်းမြို့နယ်ယိုးတရုတ်ကျေးရွာကိုစစ်တပ်က ဂျက်တိုက်လေယာဉ်တစီးနဲ့ လာရောက်ဗုံးကြဲခဲ့တာကြောင့် လယ်တောထဲ စပါးရိတ်သိမ်းပြီး တလင်းနယ်(ခြွေလှေ့)နေတဲ့ ဒေသခံပြည်သူ အသက် ၂၇ နှစ်အရွယ် ကိုထွန်းကျော်လှိုင်ပွဲချင်းပြီး သေဆုံးခဲ့တယ်လို့ ဖော်ပြပါတယ်။ဒါ့အပြင်တလင်းနယ်နေတဲ့ နွားသုံးကောင်ကိုလည်း သေဆုံးခဲ့ရပါတယ်။
အလားတူနိုဝင်ဘာ ၂၃ ညနေပိုင်း ၄ နာရီ ၂၉ မိနစ်ခန့်မှာလည်း ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ရွာကို ဂျက်တိုက်လေယာဉ်တစီးနဲ့ ဗုံးထပ်ကြဲခဲ့တာကြောင့် ဒေသခံပြည်သူတွေဖြစ်တဲ့ ၆၄ နှစ်အရွယ် ဦးအောင်သိန်းချေပွဲချင်းပြီးသေဆုံးကာ ၂၂ နှစ်အရွယ် မောင်ခိုင်နေမျိုးမှာ ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement
ဒါ့အပြင် အောင်ဖြူပြင်ရွာထဲမှ နေအိမ် ၃ လုံးနဲ့ ဆိုင်ကယ် ၂ စီးလည်း ပျက်စီးခဲ့ရတယ်လို့ AA ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရခိုင်ပြည်နယ်အတွင်းက မြို့နယ်တွေကို လေကြောင်းကင်းထောက်တာတွေ ဆက်တိုက် လုပ်နေပြီး စစ်ဘက်နဲ့ မသက်ဆိုင်တဲ့ ကျေးရွာတွေကိုပါ ဗုံးဆက်တိုက်ကြဲနေတာဖြစ်ပါတယ်။
နိုဝင် ဘာလ ၂၅ ရက်နေ့ မနက်ပိုင်းမှာလည်း ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော်မြို့နယ်တို့အတွင်း စစ်တပ်ကကင်းထောက်လေယာဉ်နှစ်စီးနဲ့ တနာရီကျော်ကြာ ပျံဝဲနေခဲ့တယ်လို့ ဆိုပါတယ်။
“လေယာဉ်တွေ၊ကင်းထောက်တွေကနေ့တိုင်းဝဲတယ်။လာဝဲပြီးရင်လည်းအမြဲတမ်းချတယ်။ သူတို့ကင်းထောက် တာကလည်း အရပ်သားတွေ ဘယ်နေရာမှာရှိလဲ လိုက်ရှာပြီး ဗုံးလာကြဲနေသလိုပဲ။ အခုလည်း တမနက်လုံး ဝဲသွား ကြောက်နေရတယ်” လို့ ပုဏ္ဏားကျွန်းမြို့နယ်မှ ဒေသ ခံ လူငယ်အမျိုးသမီးတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၂ ရက်နဲ့ ၂၁ ရက်နေ့တို့နေ့ကလည်း ပေါက်တောမြို့နယ် နန်းတက်ကျွန်းနဲ့ သဝင်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ငါးလသား အရွယ်ကလေးငယ်တဦးအပါအဝင် ၄ ဦးထက်မနည်း သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ ပါတယ်။
စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်အတွင်းတိုက်ပွဲတွေပြင်းထန်နေပြီး စစ်တပ်အထိနာနေကာ အခုရက်ပိုင်းမှာ သံတွဲ၊ ကျောက်တော်၊ မြောက်ဦးမြို့ပေါ်နေရာတွေ၊ စစ်ဘေးရှောင်စခန်းတွေနဲ့ လူနေကျေးရွာတွေကို စစ်တပ်က ဆက်တိုက်ဗုံးကြဲနေ တာဖြစ်ပါတယ်။
စစ်တပ်ဟာအာရက္ခပြည်ထဲက စစ်ရေးနဲ့ မသက်ဆိုင်တဲ့ဆေးရုံတွေ၊ ပြည်သူတွေ၊ အများပြည်သူအသုံးပြုတဲ့လမ်းတံတားတွေကို ပစ်မှတ်ထား၊ တိုက်ခိုက်ဖျက်ဆီးတာတွေ ဆက်တိုက်လုပ်နေပြီး အဲဒီလုပ်ရပ်တွေဟာ အင်မတန်အောက်တန်းကျယုတ်မာတဲ့လုပ်ရပ်တွေဖြစ်ကာ ပါဝင်သူတယောက်ချင်း ကို လက်တုံ့ပြန်သွားမယ် အာရက္ခတပ်တော်(AA) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောထားပါတယ်။
လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ နိုဝင်ဘာ ၂၂ ရက်နေ့ထိ နှစ်လကျော်အတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံအရပ်သား ပြည်သူ ၁၅၆ ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ ၂၈၆ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။
အာရက္ခတပ်တော်(AA)ကတော့မပြီးဆုံးသေးတဲ့တိုက်ပွဲတွေနဲ့ ဆက်လက်သိမ်းပိုက်ဖို့ကျန်နေသေးတဲ့ မြို့သိမ်း တိုက်ပွဲတွေ ဆင်နွှဲနေပြီး ကျန်နေသေးတဲ့ အာရက္ခဘိုးဘွားပိုင်နယ်မြေတွေကို အာရက္ခပြည်သူတွေလက်ထဲသို့ မကြာခင်ပေးအပ်သွားမယ်လို့ အသိပေးထားပါတယ်။

























































