Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ခရိုင်မှာ ခရစ်ယာန်ဘုရားကျောင်း ဝတ်ပြုချိန် စစ်တပ်ဗုံးကြဲလို့ အဘွားအို ၁ဦး သေဆုံး၊ ၆ဦး ဒဏ်ရာရ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်) ဘူးသိုမြို့နယ် နော်ယိုထာကျေးရွာက ဘုရားကျောင်းကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

(တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်မှာ စစ်တပ်ဗုံးကြဲမှုကြောင့် မီးလောင်နေစဉ်။ ဓာတ်ပုံ - KNLA)

နိုဝင်ဘာ ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၅)နယ်မြေ ဖာပွန်ခရိုင်(မူတြော်ခရိုင်) ဘူးသိုမြို့နယ် နော်ယိုထာကျေးရွာက ဘုရားကျောင်းကိုစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူ သေဆုံးထိခိုက်မှုများ ရှိခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ဗဟိုဌာနချုပ်က သတင်းထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၂၂ရက် မနက် ၁၀နာရီက ခရစ်ယာန်ဘာသာဝင်တွေ ဘုရားရှိခိုးကျောင်းတက်ရောက်ဝတ်ပြု ကိုးကွယ်ချိန်မှာ စစ်တပ်က နော်ယိုထာရွာကို တိုက်လေယာဉ်နဲ့ ၂ကြိမ် ဗုံးသီး ၄လုံး ကြဲချ တိုက်ခိုက်ခဲ့ပြီး စက်သေနတ်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီလို တိုက်ခိုက်မှုကြောင့် အသက် ၇၀အရွယ် အဘွားအို ၁ဦး သေဆုံးကာ အသက် ၁၈နှစ်အရွယ် လူငယ် ၂ဦးအပါအဝင် ၆ဦး ဒဏ်ရာရခဲ့တာလို့ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ ဘုရားရှိခိုးကျောင်းဝင်းအတွင်းရည်ရွယ်ချက်ရှိရှိ ဗုံးကြဲပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း KNLA ဗဟိုဌာနချုပ်က ထုတ်ပြန်ပါတယ်။

လေကြောင်း တိုက်ခိုက်မှုကြောင့် ဝတ်ပြုကိုးကွယ်ဆောင်(၁)လုံး၊ ထမင်းစားဆောင်(၁)လုံး၊ ကျောင်းသူကျောင်းသားဘော်ဒါဆောင်(၁)လုံး၊ အရပ်သားပြည်သူနေအိမ်(၈)လုံး နဲ့ အိမ်အသုံးအဆောင်ပစ္စည်းများ၊ ဆိုင်ကယ်(၂)စီး၊ မီးစက်(၁)လုံး၊ စပါးကျီ(၂)လုံး ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရကြောင်း ဖော်ပြထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ KNLA တပ်မဟာ(၅) နယ်မြေ ဖာပွန်ခရိုင်ကို လေကြောင်း တိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လျက်ရှိရာ အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

KNU/KNLA တပ်မဟာ(၅)ဟာ စစ်တပ်အာဏာသိမ်းပြီးကတည်းက စစ်တပ်ကို တိုက်ခိုက်မှုအများဆုံး ပြုလုပ်လျက်ရှိတဲ့ တပ်မဟာတခုဖြစ်ပြီး စစ်တပ် တပ်စခန်းအများအပြား သိမ်းပိုက်ထားကာ နယ်မြေဧရိယာ အများအပြားတိုးချဲ့ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ စစ်တပ်ဘက်ကလည်း ဆုံးရှုံးနယ်မြေတွေပြန်ရဖို့ စစ်အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေပေမဲ့ အောင်မြင်မှုမရှိသေးဘဲ တိုက်ပွဲတွေဆက်လက် ဖြစ်ပွားလျက်ရှိပါတယ်။

စစ်တပ်ဘက်က တိုက်ပွဲဖြစ်ပွားရာနေရာတွေသာမက အရပ်သား ပြည်သူနေထိုင်ရာတွေကိုပါ လေကြောင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်လျက်ရှိရာ အောက်တိုဘာနဲ့ နိုဝင်ဘာလတွေမှာ အရပ်ဘက် ပစ်မှတ်တွေကို လေကြောင်းတိုက်ခိုက်မှု တိုးမြှင့်လုပ်ဆောင်နေတာလည်းဖြစ်ပါတယ်။

ဆက်စပ်သတင်းများ