တရုတ်နိုင်ငံက လွှတ်တင်လိုက်တဲ့ အာကာသ မစ်ရှင်မှာ ပါကစ္စတန်ရဲ့ ပထမဆုံး အာကာသ ယာဉ်မှူးတစ်ဦးလည်း လိုက်ပါသွားခဲ့ကြောင်း သိရပါတယ်။
ရှန်ကျိုး-၂၄ အာကာသယာဉ်နဲ့အတူ စုစုပေါင်း ယာဉ်မှူး ၃ ဦး လိုက်ပါသွားရာမှာ ပါကစ္စတန်သား မူဟမ်မက် ဇီရှန် အလီလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၂၅ ရက် မနက်ပိုင်းတုန်းက ရှန်ကျိုး-၂၄ မစ်ရှင်ကို အောင်အောင်မြင်မြင် လွှတ်တင်နိုင်ခဲ့ကြောင်း တရုတ် အာကာသ အေဂျင်စီက ကြေညာခဲ့ပါတယ်။
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း၊ ကျူကွမ် ဒုံးပျံလွှတ်တင်ရေး စခန်းကနေ ထွက်ခွာသွားတဲ့ မစ်ရှင်ဟာ တရုတ်ရဲ့ ထျန်းကုန်း အာကာသ စခန်းမှာ သွားရောက် ချိတ်ဆက်မှာ ဖြစ်ပါတယ်။ အလီကလည်း တရုတ်ပိုင် အဲဒီ အာကာသ စခန်းမှာ သွားရောက် တာဝန်ထမ်းဆောင်ဖူးတဲ့ ပထမဆုံး နိုင်ငံခြားသား အနေနဲ့ မှတ်တမ်းဝင်လာပါတယ်။ တရုတ်ဟာ လက်ရှိ ကမ္ဘာပတ်လမ်းထဲမှာ ကိုယ်ပိုင် အာကာသစခန်း ပိုင်ဆိုင်ထားတဲ့ တစ်ခုတည်းသော နိုင်ငံလည်း ဖြစ်ပါတယ်။
အသက် ၄၀ အရွယ် အလီဟာ အာကာသ စခန်းမှာ တစ်ပတ်လောက် နေထိုင်ပြီး တရုတ် အာကာသ ယာဉ်မှူးတွေနဲ့အတူ သိပ္ပံဆိုင်ရာ လေ့လာစူးစမ်းမှုတွေကို လုပ်ဆောင်သွားမှာပါ။ အဲဒီနောက်မှာတော့ အာကာသ စခန်းမှာ ကြိုတင်ရောက်ရှိနေတဲ့ ရှန်ကျိုး-၂၃ အာကာသယာဉ်နဲ့အတူ ကမ္ဘာမြေဆီ ပြန်လာမှာ ဖြစ်ပါတယ်။

Public Service Announcement
မနှစ်က တရုတ်နဲ့ ပါကစ္စတန်တို့ကြား ရယူနိုင်ခဲ့တဲ့ အာကသ စူးစမ်းလေ့လာမှု ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှုရဲ့ အစိတ်အပိုင်းအဖြစ် အခုလိုမျိုး တရုတ်ရဲ့ မစ်ရှင်မှာ ပါကစ္စတန် အာကာသယာဉ်မှူး လိုက်ပါခွင့် ရခဲ့တာပါ။
ပါကစ္စတန် လူစွန့်စား တစ်ဦးဖြစ်သူ နာမီရာ ဆာလင်မ်ဟာ ၂၀၂၃ ခုနှစ်တုန်းက Virgin Galacticရဲ့ ခရီးစဉ်နဲ့အတူ ကမ္ဘာ့လေထုနဲ့ အာကာသ ထိစပ်ရာ နေရာနားထိ ရောက်ရှိခဲ့ဖူးပေမယ့် အလီကတော့ ကမ္ဘာပတ်လမ်းထဲထိ သွားရောက်နိုင်တဲ့ ပထမဆုံး ပါကစ္စတန် နိုင်ငံသား ဖြစ်လာခဲ့ပါတယ်။
တရုတ်ဟာ ထျန်းကုန်း အာကာသ စခန်းရဲ့ အဓိက အစိတ်အပိုင်း သုံးခု တည်ဆောက်မှုကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလမှာ ပြီးစီးခဲ့ပြီး နောက်ဆက်တွဲ ချဲ့ထွင် ဆောက်လုပ်မှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။
ကိုးကား: Anadolu Ajansı

























































