နိုဝင်ဘာ-၂၅၊၂၀၂၆။People’s Spring
ယူကရိန်းအပေါ် ကျူးကျော်စစ် ဆင်နွှဲပြီးချိန် ကတည်းက ရုရှားစစ်သည် အရေအတွက် ၇၂၀,၀၀၀ ကျော် သေကြေ ပျက်စီးခဲ့ပြီးပြီလို့ ယူဆရကြောင်း ပေါက်ကြားလာတဲ့ တရားဝင် စာရင်းအင်း မှတ်တမ်းတွေအရ သိရပါတယ်။
စက်တင်ဘာလကုန်ထိအခြေအနေအရ ရုရှားစစ်သား အနည်းဆုံး ၄၉၀,၀၀၀ဟာယူကရိန်း စစ်ပွဲကြောင့် သေကြေ ပြုန်းတီးခဲ့ပြီး ဖြစ်တယ်ဆိုတာ အတည်ပြုနိုင်ကြောင်း ရုရှားရဲ့ အတိုက်အခံမီဒီယာတွေဖြစ်တဲ့ Mediazona နဲ့ Meduzaတို့က ရုရှား အစိုးရပိုင် အချက်အလက် ဗျူရို Rosstatဆီက ပေါက်ကြားလာတဲ့ စာရင်းအင်းတွေကို ကိုးကားပြီး နိုဝင်ဘာ ၂၃ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။
ပြီးတော့ ပျောက်ဆုံးစာရင်း သွင်းထားပြီး အမှန်တကယ်မှာတော့ သေဆုံးသွားပြီလို့ ယုံကြည်ရသူတွေ စာရင်းကိုပါ ထည့်တွက်ရင် အဲဒီ ကိန်းဂဏန်းဟာ ၇၂၀,၀၀၀ ကျော်ထိခုန်တက်သွားခဲ့ပါတယ်။

Public Service Announcement
ဒါဟာ ကြောက်ခမန်းလိလိ နံပါတ်မျိုး ဖြစ်ပြီး ၁၉၈၀ ပြည့်လွန်နှစ်တွေတုန်းက အာဖဂန် နစ္စတန်မှာ ဆိုဗီယက်က ဆင်နွှဲခဲ့တဲ့ စစ်ပွဲ၊ ၁၉၉၀ ပြည့်လွန်နှစ်တွေနဲ့ ၂၀၀၀ ပြည့်လွန် အစောပိုင်းနှစ်တွေမှာ ဖြစ်ပွားခဲ့တဲ့ ချေချင်းညာ စစ်ပွဲတွေထဲက သေဆုံးစာရင်းတွေထက် ပိုများနေပါတယ်။ ဒါကြောင့်လည်း ရုရှား အစိုးရဟာယူကရိန်းစစ်ပွဲရဲ့သေဆုံးစာရင်းကို လျှို့ဝှက်ထားခဲ့တာ ဖြစ်ပါတယ်။
အစောပိုင်းကာလတွေတုန်းကရုရှားဟာ စစ်မြေပြင် အသေအပျောက် စာရင်းတွေကို ထုတ်ပြန်ခဲ့ဖူးပေမယ့် ၂၀၂၅ ခုနှစ်ကစပြီး Rosstatဟာ အဲဒီ ကိန်းဂဏန်းတွေကြေညာနေတာကို ရပ်တန့်ထားလိုက်ပါတယ်။ ဒါပေမဲ့ ယူကရိန်းလိုလားတဲ့ဟက်ကာတွေက Rosstatရဲ့ အချက်အလက် ဆာဗာတွေကို ထိုးဖောက်ပြီး အခုကိန်းဂဏန်းတွေကို ရရှိခဲ့တဲ့နောက် ရုရှားဆန့်ကျင်ရေး မီဒီယာတွေ လက်ထဲကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
လဆန်းပိုင်းတုန်းကယူကရိန်းလိုလားတဲ့ဟက်ကာ အဖွဲ့တွေဖြစ်တဲ့ Partisans of Belarusနဲ့ Silent Crowတို့က Rosstatရဲ့ ဆာဗာတွေကို ထိုးဖောက်ခဲ့တာပါ။ ဒါပေမဲ့ ရုရှား အတိုက်အခံ မီဒီယာတွေက လက်ဆင့်ကမ်း ဖော်ပြခဲ့တဲ့ အဲဒီ ကိန်းဂဏန်းတွေကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိကြောင်း CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
ရုရှားနည်းတူ ယူကရိန်းကလည်း စစ်ပွဲက အသေအပျောက် စာရင်းတွေကို မထုတ်ပြန်ပါဘူး။ ဒါပေမဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက တိုက်ပွဲတွေအတွင်း ထိခိုက်သေကြေမှု ကိန်းဂဏန်းတွေက အရမ်းများပြားတယ် ဆိုတာကို လူသိရှင်ကြား အတည်ပြုထားပါတယ်။
မဟာဗျူဟာနဲ့ အပြည်ပြည်ဆိုင်ရာ လေ့လာရေး စင်တာ (CSIS)ရဲ့ ဇူလိုင်လက ထုတ်ပြန်ထားတဲ့ ခန့်မှန်းချက်တွေအရ ယူကရိန်းရဲ့ ထိခိုက်သေဆုံး စာရင်းဟာ ၅၂၅,၀၀၀ နဲ့ ၆၂၅၀၀၀ ကြားမှာ ရှိနိုင်ပြီး အဲဒီထဲမှာကျဆုံးစစ်သည် အရေအတွက်က ၁၂၅၀၀၀ နဲ့ ၁၅၀၀၀၀ကြားထိများပြားနိုင်ကြောင်းသိရပါတယ်။
ကာနက်ဂီ ယူရေးရှား သုတေသန စင်တာရေး အကြီးတန်း သုတေသီ တဦးဖြစ်သူ အလက်ဇန္ဒား ဘွန်နော့ဗ်ကတော့ ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံပေါင်း သေဆုံးသူစာရင်းဟာ ၁ သန်းကျော်ခဲ့ပြီးပြီလို့ ယူဆရကြောင်း ပြောကြားထားပါတယ်။
ကိုးကား-CNN
See less
























































