အာဖဂန် နစ္စတန်က ထွက်ပြေးလာတဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး တစ်ဦးဟာ အမေရိကန် စစ်လေယာဉ်ပေါ်မှာ မီးဖွားခဲ့ကြောင်း သိရပါတယ်။
အာဖဂန်ရဲ့ မြို့တော် ကဘူးလ်ကို တာလီဘန် စစ်သွေးကြွတွေက သိမ်းပိုက်လိုက်တဲ့နောက် ကဘူးလ် နိုင်ငံတကာ လေဆိပ်ကနေ အရေးပေါ် ရွှေ့ပြောင်းပေးမှုတွေကို အမေရိကန် စစ်တပ်က တာဝန်ယူ ဆောင်ရွက်နေပါတယ်။ အခု အမျိုးသမီးဟာ အမေရိကန်ရဲ့ C-17 သယ်ယူပို့ဆောင်ရေး စစ်လေယာဉ်နဲ့အတူ ဂျာမနီကို လိုက်ပါသွားရင်း လေယာဉ် မဆင်းခင် မီးဖွားခဲ့တာ ဖြစ်ပါတယ်။
လေယာဉ် ဆင်းသက်ပြီးချိန်မှာ အမျိုးသမီးနဲ့ ကလေးကို ဆေးရုံဆီ ပို့ဆောင်ပေးဖို့ ပြင်ဆင်နေတဲ့ ဓာတ်ပုံတွေကို အမေရိကန် လေတပ်က ထုတ်ပြန်ခဲ့ပါတယ်။ အမျိုးသမီးရဲ့ နာမည်ကိုတော့ မကြေညာခဲ့ပါဘူး။ သူဟာ လေယာဉ်ပေါ် ရှိနေတဲ့ အချိန်အတွင်း သွေးပေါင်ချိန် ကျဆင်းတာ အပါအဝင် ရှုပ်ထွေးတဲ့ ကျန်းမာရေး ပြဿနာတချို့ ကြုံခဲ့တယ်လို ဆိုပါတယ်။
လေယာဉ်မှူးက လေယာဉ် ကိုယ်ထည်ထဲမှာ လေဖိအား ပြောင်းလဲစေဖို့အတွက် လေယာဉ်ကို နှိမ့်ပြိး ပျံသန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလုပ်ရပ်က အမျိုးသမီးရဲ့ အသက်ကို ကယ်တင်ရာမှာ အထောက်အကူ ဖြစ်စေခဲ့တယ်လို့ လေတပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement
အမေရိကန် အစိုးရက ကဘူးလ်ကနေတဆင့် အမေရိကန် နိုင်ငံသားတွေ အပါအဝင် လူပေါင်း ၁၇၀၀၀ ကျော်လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးပြီးပြီလို့ ပြောပါတယ်။ အခုအခါမှာတော့ ရွှေ့ပြောင်းရေး လုပ်ငန်းတွေ ပိုမို မြန်ဆန်စေဖို့အတွက် အရပ်ဖက် လေကြောင်းလိုင်းတွေပါ ပါဝင် အားဖြည့်ပေးဖို့ အမေရိကန် အစိုးရက ညွှန်ကြားထားကြောင်းလည်း သိရပါတယ်။


















































