Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်တွင်းစစ်ကို ရှောင်လွှဲဖို့ အာဏာသိမ်းလိုက်ရကြောင်း ဆူဒန် စစ်တပ်ခေါင်းဆောင်ပြော

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ဆူဒန်ဟာလည်း အာဏာသိမ်းမှု ကပ်ရောဂါ ကူးစက် ခံလိုက်ရပြီလို့ ပြောကြားခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အနေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ပြီး အာရှနဲ့ အာဖရိက နိုင်ငံတွေက စစ်အာဏာသိမ်းမှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်း ဖြေရှင်းသင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

ပြည်တွင်းစစ် မဖြစ်စေချင်လို့ အာဏာသိမ်းလိုက်ရတာလို့ ဆူဒန် စစ်တပ် အကြီးအကဲက အကြောင်းပြ ဖြေရှင်းခဲ့ပါတယ်။

အောက်တိုဘာ ၂၅ ရက်က ဆူဒန်မှာ စစ်တပ် အာဏာသိမ်းလိုက်ပြီး အရပ်သား အစိုးရ ဝန်ကြီးချုပ် အက်ဘ်ဒယ်လာ ဟမ်းဒေါ့ခ်နဲ့ ဝန်ကြီးတွေကို ဖမ်းဆီးထားလိုက်ပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်ကြီး အက်ဘ်ဒယ်လ် ဖာတား ဘာဟန်က ဝန်ကြီးချုပ်ရဲ့ လုံခြုံရေးအတွက် သူ့အိမ်မှာ ထိန်းသိမ်းထားကြောင်း ပြောပါတယ်။

ဆူဒန်မှာ ၂၀၁၉ ကစလို့ စစ်တပ်နဲ့ အရပ်ဖက် အာဏာခွဲဝေထားတဲ့ အုပ်ချုပ်ရေး ကောင်စီက ယာယီ တာဝန်ယူထားပြီး ဝန်ကြီးချုပ် ဟမ်းဒေါ့ခ်ရော၊ ဗိုလ်ချုပ်ကြီး ဘာဟန်ပါ ကောင်စီဝင်တွေ ဖြစ်ကြပါတယ်။ ဒါပေမဲ့ စစ်ဘက်နဲ့ အရပ်ဖက် ဆက်ဆံရေးက ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်းမှာ ဆက်တိုက် ဆိုးရွားလာပြီး နောက်ဆုံးတော့ အာဏာသိမ်းတဲ့ အခြေအနေထိ ရောက်ရှိလာခဲ့ပါတယ်။

မူလက ၂၀၂၃ ခုနှစ်မှာ ရွေးကောက်ပွဲ ကျင်းပပြီး အရပ်သား အစိုးရဆီ အပြည့်အဝ အာဏာလွှဲပေးမယ်လို့ သဘောတူထားပေမယ့် လက်ရှိမှာတော့ အခြေအနေတွေက မရေမရာ ဖြစ်လာပါပြီ။ ဘာဟန်ကတော့ အဲဒီ သဘောတူညီချက်ဟာ မပျက်ပြယ်ဘဲ ၂၀၂၃ မှာ ရွေးကောက်ပွဲ ကျင်းပပေးမယ်လို့ အာမခံနေပါတယ်။

လတ်တလောမှာတော့ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ ကုလသမဂ္ဂ၊ အာဖရိက ယူနီယံ အပါအဝင် နိုင်ငံတကာ အသိုက်အဝန်းက ဆူဒန်စစ်တပ်ရဲ့ အာဏာသိမ်းမှုကို ကန့်ကွက် ရှုတ်ချပြီး အရပ်သား အစိုးရဆီ အာဏာအပ်နှင်းဖို့ တောင်းဆိုနေကြပါတယ်။ ပြည်တွင်းမှာလည်း စစ်တပ် အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်လာနေပါတယ်။ ဆန္ဒပြသူတွေကို ဆူဒန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တာကြောင့် လက်ရှိ အချိန်ထိ သေဆုံးသူ ၁၀ ဦးထက်မနည်း ရှိလာကြောင်းလည်း သိရပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ ဆူဒန်မှာ နိုင်ငံရေးအရ သွေးကွဲမှုတွေက ပိုမို နက်ရှိုင်းလာပြီး ပြည်တွင်းစစ်ဆီ ဦးတည်နေကြောင်း၊ ဒါကြောင့်လည်း နိုင်ငံအာဏာကို ကြားဝင် ထိန်းသိမ်းလိုက်ရကြောင်း၊ ဝန်ကြီးချုပ်ကို ထိန်းသိမ်းထားပေမယ့် လက်ရှိ ပြဿနာတွေနဲ့ အကျပ်အတည်းတွေ ပြေလည် ပြီးဆုံးသွားရင် အိမ်ပြန်ခွင့် ပြုမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ဘာဟန်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။

သူက အရပ်သား အစိုးရ အဖွဲ့ကို ဖျက်သိမ်းပြီး နိုင်ငံရေး ခေါင်းဆောင်တွေကို ဖမ်းဆီးထားကြောင်း အတည်ပြုခဲ့သလို နိုင်ငံမှာ အရေးပေါ် အခြေအနေ ကြေညာခဲ့ပါတယ်။ ပြီးတော့ နိုင်ငံရေး ပါတီတွေက ပြည်သူတွေ အနေနဲ့ စစ်တပ်ကို ဆန့်ကျင် ရန်ပြုအောင် လှုံ့ဆော်နေတယ်လို့လည်း ဘာဟန်က စွပ်စွဲခဲ့ပါတယ်။

ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ဆူဒန်ဟာလည်း အာဏာသိမ်းမှု ကပ်ရောဂါ ကူးစက် ခံလိုက်ရပြီလို့ ပြောကြားခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အနေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ပြီး အာရှနဲ့ အာဖရိက နိုင်ငံတွေက စစ်အာဏာသိမ်းမှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်း ဖြေရှင်းသင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန်ကတော့ ဆူဒန်ကို ပေးပို့မယ့် ထောက်ပံ့ကြေး ဒေါ်လာ သန်း ၇၀၀ လောက်ကို ချက်ချင်း ဆိုင်းငံ့လိုက်ပြီး ဥရောပ သမဂ္ဂကလည်း ဆူဒန်အတွက် အထောက်အပံ့တွေ ရပ်ပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်။ လက်ရှိမှာတော့ မြို့တော် ခါတွမ်နဲ့ တခြားမြို့ကြီးတွေမှာ ဆူဒန် စစ်တပ်က ဆန္ဒပြ ခေါင်းဆောင်တွေကို တစ်အိမ်တက်ဆင်း လိုက်ရှာနေတယ်လို့ ဆိုပါတယ်။ ခါတွမ်မြို့တော် နိုင်ငံတကာ လေဆိပ်ကိုလည်း ယာယီ ပိတ်ထားပြီး အခုသီတင်းပတ်ကုန်ထိ ခရီးစဉ် အားလုံးကို ဖျက်သိမ်းထားကြောင်း သိရပါတယ်။