Connect with us

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောသစ်ကြီးကို အိန္ဒိယ ရေတပ် စတင်အသုံးပြု

ဓာတ်ငွေ့ တာဘိုင် ၄ လုံးနဲ့ လည်ပတ်တဲ့ သင်္ဘောကြီးဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၂ မိုင်နှုန်းနဲ့ တစ်ကြိမ် လောင်စာဖြည့်ပြီးတိုင် မိုင်ပေါင်း ၈၆၀၀ လောက်ထိ ခရီးပေါက်အောင် ခုတ်မောင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောသစ်ကြီးကို အိန္ဒိယ ရေတပ် စတင်အသုံးပြု
ပထမဆုံး ပြည်တွင်းဖြစ် လေယာဉ်တင် သင်္ဘောသစ်ကြီးကို အိန္ဒိယ ရေတပ် စတင်အသုံးပြု

ပြည်တွင်းမှာ အလုံးစုံ တပ်ဆင် တည်ဆောက်ထားတဲ့ လေယာဉ်တင်သင်္ဘောသစ်ကြီး တစ်စီးဟာ အိန္ဒိယ ရေတပ်မှာ စတင်ဝင်ရောက် အမှုထမ်းနေပြီ ဖြစ်ပါတယ်။

INS Vikrantကို စက်တင်ဘာ ၂ ရက်မှာ တပ်တော်ဝင်စေခဲ့တဲ့နောက် အိန္ဒိယ ရေတပ်ဟာ ကမ္ဘာ့ အင်အား အတောင့်တင်းဆုံး ရေတပ်တွေ အားပြိုင်ပွဲမှာ အရေးပါတဲ့ ခြေလှမ်းသစ်တစ်ခု အစပြုလိုက်နိုင်ပါတယ်။ ကမ္ဘာပေါ်မှာ လေယာဉ်တင်သင်္ဘော၊ ဒါမှမဟုတ် ရဟတ်ယာဉ်တင် သင်္ဘော ၁ စီးထက် ပိုပိုင်တဲ့ ရေတပ်မျိုးက အရေအတွက် နည်းနည်းလေးသာ ရှိတာကြောင့်ပါ။

ပြီးခဲ့တဲ့ ၃ နှစ်တာ ကာလအတွင်းမှာ ပြည်တွင်းဖြစ် တည်ဆောက်ထားတဲ့ လေယာဉ်တင် သင်္ဘောကြီးတွေကို ရေတပ်မှာ အမှုထမ်းစေနိုင်ခဲ့တဲ့ နိုင်ငံဆိုလို့ ဗြိတိန်နဲ့ တရုတ်တို့ပဲ ရှိခဲ့ပါတယ်။ အိန္ဒိယဟာ ဒေသတွင်း မဟာပြိုင်ဘက် တရုတ်က လေယာဉ်တင် သင်္ဘောတွေ တိုးမြှင့် ပိုင်ဆိုင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေမှုကြောင့် ကိုယ့်ရေတပ် အင်အားကိုပါ မြှင့်တင်ဖို့ ဖိဖိစီးစီး ဆောင်ရွက်ခဲ့ရတာ ဖြစ်ပါတယ်။

ဒေါ်လာ ၃ ဘီလီယံ အကုန်အကျခံ တည်ဆောက်ထားတဲ့ Vikrant အပါအဝင် အိန္ဒိယ ရေတပ်မှာ အခုဆိုရင် လေယာဉ်တင် သင်္ဘောကြီး ၂ စီးထိ ပိုင်ဆိုင်နေပါပြီ။ ပထမဆုံး လေယာဉ်တင် သင်္ဘောကြီး INS Vikramadityaကတော့ အိန္ဒိယ ပြည်တွင်းဖြစ် မဟုတ်ဘဲ ဆိုဗီယက်ခေတ် လေယာဉ်တင် သင်္ဘောဟောင်းကြီး တစ်စီးကို ပြန်လည်မွမ်းမံ တည်ဆောက်ထားတာပါ။

Public Service Announcement

Public Service Announcement

လေယာဉ်တင် သင်္ဘော အသစ်ကြီးဟာ နိုင်ငံအတွက် ယုံကြည်ချက် အသစ်တွေ တိုးပွားလာစေတယ်လို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်မိုဒရီက တပ်တော်ဝင်ပွဲ အခမ်းအနား မိန့်ခွန်းမှာ ပြောကြားသွားပါတယ်။ တပ်တော်ဝင်ပွဲကိုတော့ အိန္ဒိယတောင်ပိုင်း၊ ကီရာလာပြည်နယ်က ကိုချင် သင်္ဘောကျင်းမှာ ကျင်းပခဲ့တာပါ။

တန်ချိန် ၄၀၀၀၀ လောက် အလေးချိန်ရှိတဲ့ INS Vikrantဟာ အရင် လေယာဉ်တင် သင်္ဘောကြီး INS Vikramadityaထက် နည်းနည်းလေး ပိုပေါ့ပါးပါတယ်။ အမေရိကန်၊ တရုတ်နဲ့ ဗြိတိန်တို့က လေယာဉ်တင် သင်္ဘောတွေထက်လည်း ပိုသေးပေမယ့် ဂျပန်ရဲ့ ရဟတ်ယာဉ်တင် သင်္ဘောထက်တော့ ကြီးပါတယ်။

အရွယ်အစားက အကြီးဆုံး မဟုတ်ပေမယ့် လေယာဉ်တင် သင်္ဘောရဲ့ တိုက်ခိုက်ရေး စွမ်းရည်ကတော့ ထက်မြက်လိမ့်မယ်လို့ နိုင်ငံတကာ လက်နက်ပညာရှင်တွေက ယူဆထားကြပါတယ်။ စစ်ဆင်ရေး စွမ်းအားပြည့် တာဝန်ယူနိုင်တဲ့ အချိန်ကျရင် လေယာဉ်တင် သင်္ဘောပေါ်မှာ MiG-29K တိုက်လေယာဉ်တွေ အပါအဝင် လေယာဉ် အစီးရေ ၃၀ လောက်ထိ တင်ဆောင်နိုင်မှာပါ။ လေယာဉ်တွေကို Ski-Ramp စနစ်နဲ့ လွှတ်တင်စေပြီး ဒုံးကျည် ကာကွယ်ရေး စနစ်တွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဓာတ်ငွေ့ တာဘိုင် ၄ လုံးနဲ့ လည်ပတ်တဲ့ သင်္ဘောကြီးဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၃၂ မိုင်နှုန်းနဲ့ တစ်ကြိမ် လောင်စာဖြည့်ပြီးတိုင် မိုင်ပေါင်း ၈၆၀၀ လောက်ထိ ခရီးပေါက်အောင် ခုတ်မောင်းနိုင်မယ်လို့ ယုံကြည်ရပါတယ်။ အိန္ဒိယ ရေတပ်ဟာ လေယာဉ်တင် သင်္ဘောသစ်ကြီးကို ဗဟိုပြုပြီး ဖရီးဂိတ် စစ်သင်္ဘောတွေ၊ ဖျက်သင်္ဘောတွေ ခြံရံထားမယ့် တိုက်ရေယာဉ် အုပ်စုသစ် တစ်ခုကို ဖွဲ့စည်းသွားဖွယ် ရှိပါတယ်။

တကယ်တော့ INS Vikrantကို တည်ဆောက်ဖို့ဆိုတာ အိန္ဒိယအတွက် လွယ်ကူတဲ့ ကိစ္စမျိုး မဟုတ်ခဲ့ပါဘူး။ အစိုးရက ဒီဇိုင်းပိုင်း အတည်ပြုပြီး ၂၀၀၃ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်း စတင်ခဲ့ပေမယ့် ၂၀၀၉ ခုနှစ် နှစ်ဆန်းထိ အခက်အခဲ ပေါင်းစုံကြောင့် စီမံကိန်း ရပ်နားထားခဲ့ရပါတယ်။ Vikrantဆိုတဲ့ စကားလုံးဟာ သတ္တိ၊ ဒါမှမဟုတ် အောင်မြင်ခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ကောက်ယူနိုင်ပြီး ၂၀၁၃ ခုနှစ်မှာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ဒေသတွင်းမှာ အိန္ဒိယ ရေတပ်ရဲ့ အဓိကပြိုင်ဘက်လို့ ဆိုရမယ့် တရုတ် ရေတပ်ကတော့ လေယာဉ်တင် သင်္ဘောကြီး ၃ စီး ပိုင်ဆိုင်ထားပါတယ်။ ၂ စီးက စွမ်းအားပြည့် ခုတ်မောင်းနေနိုင်ပြီဖြစ်ပြီး မနှစ်ကမှ ရေချခဲ့တဲ့ ၁ စီးက ပင်လယ်ပြင်မှာ လေ့ကျင့်ရေး အစီအစဉ်တွေ လုပ်ဆောင်နေပါတယ်။ တရုတ်ဟာ အိန္ဒိယထက် လေယာဉ်တင် သင်္ဘော အရေအတွက်ရော၊ နည်းပညာပိုင်းပါ အသာစီး ရနေပေမယ့် တစ်ဖက်မှာတော့ အိန္ဒိယ ရေတပ်ဟာ လေယာဉ်တင် သင်္ဘောတွေကို ကိုင်တွယ်နိုင်တဲ့ အတွေ့အကြုံပိုင်းမှာ အများကြီး ပိုအားကောင်းနေကြောင်း ပညာရှင်တွေက သုံးသပ်ပါတယ်။

အိန္ဒိယ ရေတပ်ဟာ သူတို့ရဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို ၁၉၆၁ ခုနှစ် ကတည်းက ကိုင်တွယ်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်တင် သင်္ဘောကို ဗြိတိန်ဆီက လက်ဝယ်ရရှိခဲ့ပြီး INS Vikrantလို့ပဲ နာမည်ပေးခဲ့ပါတယ်။ နောက်တော့ ၁၉၉၇ ခုနှစ်မှာ အနားပေးပြီး ဒုတိယမြောက် ဗြိတိန်လုပ် လေယာဉ်တင် သင်္ဘော INS Viraatကို အသုံးပြုခဲ့ပြန်ပါတယ်။ နှစ်ပေါင်း ၃၀ လောက် ရေတပ်မှာ အမှုထမ်းပြီးတဲ့နောက် ၂၀၁၇ မှာ အဲဒီ ရေယာဉ်ကြီးကို ဖျက်သိမ်းလိုက်ပါတယ်။

တရုတ်ကတော့ ဆိုဗီယက်လုပ် ကိုယ်ထည် အခွံကြီးပေါ်မှာ အခြေပြု တည်ဆောက်ထားတဲ့ ပထမဆုံး လေယာဉ်တင် သင်္ဘောကို ၂၀၁၂ မှ စတင် အသုံးပြုဖူးလာတာ ဖြစ်ပါတယ်။ စာရွက်ပေါ်က စာရင်းတွေကို ကြည့်ရင် တရုတ် လေယာဉ်တင် သင်္ဘောတွေက ပိုအားကောင်း၊ နည်းပညာ ပိုမြင့်တယ်လို့ ယုံကြည်ရပေမယ့် တရုတ်က အပတ်တကုတ် သင်ယူနေရဆဲ ကာလမျိုးမှာ အိန္ဒိယက လေယာဉ်တင် သင်္ဘောတွေကို ဘယ်လို စီမံ ကိုင်တွယ်ရမယ်ဆိုတာ အံတိုနေပြီလို့ စင်ကာပူ အခြေစိုက် စစ်မက်ရေးရာ သုတေသီ ဂျွန် ဘရက်ဖို့ဒ်က မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

ရေပေါ် ခံတပ်ကြီးတွေလို့ တင်စားခံရတဲ့ လေယာဉ်တင် သင်္ဘောတွေဟာ တည်ဆောက်မှု စရိတ်တင် မကဘဲ ပြုပြင်ထိန်းသိမ်းမှုအတွက် အကုန်အကျ များပြားလွန်းတာကြောင့် ကမ္ဘာ့နိုင်ငံ အများစုရဲ့ ရေတပ်ဖွဲ့တွေအတွက် ပိုင်ဆိုင်ဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။ ကမ္ဘာပေါ်မှာ အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ အမေရိကန် ရေတပ်ကတော့ အကြီးမားဆုံး လေယာဉ်တင် သင်္ဘော ၁၁ စီးကို ပိုင်ဆိုင်ထားပြီး အကုန်လုံးက နျူကလီးယား စွမ်းအင်သုံး နည်းပညာပိုင်း အဆင့်အမြင့်ဆုံး ရေယာဉ်တွေ ဖြစ်ပါတယ်။ ဒါ့အပြင် လေယာဉ်တွေ ဆင်းသက်ပြီး စစ်ဆင်ရေး ဆင်နွှဲနိုင်အောင် တည်ဆောက်ထားတဲ့ နောက်ထပ် ရဟတ်ယာဉ်တင် သင်္ဘောတွေကိုပါ ပိုင်ဆိုင်ထားသေးကြောင်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

မြန်မာနဲ့ အိန္ဒိယကြားမှာ ၁၆၄၀ ကီလိုမီတာ ရှည်လျားတဲ့ နယ်နိမိတ် ထိစပ်နေပြီး အိန္ဒိယရဲ့ အရှေ့အာရှ အိမ်နီးချင်းတွေနဲ့ ဆက်ဆံရေး မြှင့်တင်မှု မဟာဗျူဟာမှာ မြန်မာဟာ ပထဝီ နိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံတစ်ခုအဖြစ် ရပ်တည်နေပါတယ်။

နိုင်ငံတကာ

ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကလည်း နီပေါ ရဲတပ်ဖွဲ့ဟာ ခတ္တမန္ဒူ မြို့တော်မှာ လူမှောင်ခို ဂိုဏ်းတွေကို ဖြိုခွင်းပြီး လူ ၁၈ ဦးထက် မနည်းကို လူမှောင်ခိုမှု၊ လိမ်လည်မှုတွေနဲ့ တရားစွဲဆိုခဲ့ပါတယ်။