အမေရိကန် ဝါရင့် လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ မစ်ရွမ်နေးက လာမယ့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ လက်ရှိ သမ္မတ ဂျိုးဘိုင်ဒန်ရော၊ အဓိက စိန်ခေါ်သူ ဖြစ်လာနိုင်တဲ့ သမ္မတဟောင်း ဒေါ်နယ်လ်ထရမ့်ပါ ဝင်မပြိုင်သင့်တော့ဘူးလို့ ပြောကြားလိုက်ပါတယ်။
ဘိုင်ဒန်ရော၊ ထရမ့်ပါ သမ္မတအဖြစ် ၄ နှစ်စီ တာဝန်ယူခဲ့ဖူးပြီး ဒုတိယ ၄ နှစ်သက်တမ်းအတွက် တာဝန်ယူခွင့် ရှိနေဆဲပါ။ ပြီးတော့ လူထုအမြင် စစ်တမ်းတွေအရ ဒီမိုကရက်တစ် ပါတီအတွက် ဘိုင်ဒန်၊ ရီပတ်ဘလစ်ကန် ပါတီအတွက် ထရမ့်တို့က ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်ခွင့်ရဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။
ကိုယ်တိုင်က သမ္မတနေရာအတွက် အားထုတ် ယှဉ်ပြိုင်ခဲ့ဖူးသူ ရွမ်နေးက သူဟာ ဒီတစ်ကြိမ် ရွေးကောက်ပွဲမှာတော့ ဝင်ပြိုင်ဖို့ လုံးဝ စဉ်းစားမထားကြောင်း ပြောပါတယ်။ နိုင်ငံရေး လောကကနေ အနားယူတော့မယ့် သူ့ရဲ့ အစီအစဉ်တွေအကြောင်း ပြည်သူတွေဆီ ဗီဒီယို messageကနေတဆင့် အသိပေးချိန်မှာ ရွမ်နေးက သူ့ရဲ့ သဘောထားတွေကို ထုတ်ပြောခဲ့တာ ဖြစ်ပါတယ်။
အမေရိကန်ဟာ မျိုးဆက်သစ် ခေါင်းဆောင်တွေကို အခွင့်အရေး ပေးသင့်ပြီလို့ ယုံကြည်တာကြောင့် သူဟာ ရွေးကောက်ပွဲ ဝင်မပြိုင်တော့ဖို့ ဆုံးဖြတ်ခဲ့ကြောင်း၊ ထရမ့်နဲ့ ဘိုင်ဒန်တို့ အနေနဲ့လည်း အနာဂတ် နိုင်ငံရေး ခေါင်းဆောင်တွေအတွက် ရွေးကောက်ပွဲမှာ မပါတော့ဘဲ ဘေးထွက်ပေးသင့်ပြီလို့ ယူဆကြောင်း ရွမ်နေးက ဆိုပါတ်ယ။
အသက် ၇၆ နှစ်အရွယ် ရွမ်နေးဟာ အမေရိကန် နိုင်ငံရေးမှာ နှစ်ပေါင်း ၂၀ ကြာ ဖြတ်သန်းခဲ့ဖူးပြီး မက်ဆာချူးဆက် ပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၅ နှစ်ကြာ တာဝန်ယူခဲ့ဖူးပါတယ်။ သူဟာ ၂၀၁၂ ခုနှစ် ရွေးကောက်ပွဲမှာ ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြု သမ္မတလောင်း အနေနဲ့ အဲဒီတုန်းက အာဏာရ သမ္မတ ဘာရတ်အိုဘားမားကို စိန်ခေါ်ခဲ့ဖူးပေမယ့်လည်း အရေးနိမ့်ခဲ့ပါတယ်။

Public Service Announcement
ပြီးခဲ့တဲ့ နှစ်ပိုင်းတွေအတွင်း သူဟာ ဘိုင်ဒန်ရော၊ ထရမ့်ကိုပါ လူသိရှင်ကြား ပိုမို ဝေဖန် ထောက်ပြလာခဲ့ပါတယ်။ ရွမ်နေးက သူ့ရဲ့ လက်ရှိ ရွေးကောက်ခံ အထက်လွှတ်တော် အမတ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလထိ တာဝန်ယူပြီးရင် အနားယူတော့မယ်လို့ ပြောပါတယ်။
ရွမ်နေးက နိုင်ငံရေး နယ်ပယ်ကို ကျောခိုင်းဖို့ ဆုံးဖြတ်လိုက်ရာမှာ သူ့အသက်အရွယ်က အဓိကကျခဲ့တယ်လို့လည်း အတည်ပြုခဲ့ပါတယ်။ နောက်ထပ် လွှတ်တော်အမတ် သက်တမ်းတစ်ခုစာ ထပ်ပြီး တာဝန်ယူမယ်ဆိုရင် သူ့အသက်က ၈၀ ကျော်လောက် ဖြစ်နေနိုင်ကြောင်း၊ ဒီအခြေအနေက သိပ်အဆင်မပြေဘူးလို့ ခံစားမိပြီး မျိုးဆက်သစ်တွေအတွက် အချိန်ကျရောက်လာပြီလို့ ယုံကြည်ကြောင်း သူက ဆိုပါတယ်။
သူက ကိုယ်စားပြု ပါတီဖြစ်တဲ့ ရီပတ်ဘလစ်ကန် အနေနဲ့လည်း လူငယ်တွေကို ပိုမို နေရာပေးပြီး စင်တင်ပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အမေရိကန်ရဲ့ ပါတီကြီး နှစ်ခုစလုံးဟာ ပိုမိုငယ်ရွယ်တဲ့ မျိုးဆက်ထဲက ခေါင်းဆောင် အလောင်းအလျာတွေကို အာရုံစိုက် ပျိုးထောင်သင့်ပြီလို့လည်း ရွမ်နေးက အကြံပြုသွားပါတယ်။
လက်ရှိ သမ္မတ ဘိုင်ဒန်ဟာ အသက် ၈၀ အရွယ် ရှိနေပြီး ထရမ့်ကတော့ ၇၇ နှစ် ရှိပါပြီ။ နှစ်ယောက်စလုံးဟာ လာမယ့် ရွေးကောက်ပွဲမှာ ကိုယ်စားပြု ပါတီ အသီးသီးရဲ့ ယှဉ်ပြိုင်ခွင့် ရမယ့်သူတွေအဖြစ် ရေပန်းအစားဆုံး ရပ်တည်နေကြပါတယ်။
