လျှပ်စစ်ကားတွေ ထုတ်လုပ်မယ့် စီမံကိန်းကို Apple ကုမ္ပဏီက အပြီးတိုင် ရပ်ဆိုင်းလိုက်ပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။
အမေရိကန် နည်းပညာ လုပ်ငန်းစုကြီးဟာ ဘယ်တုန်းကမှ တရားဝင် မထုတ်ပြန်ခဲ့ပေမယ့် လျှပ်စစ်ကားတွေ ထုတ်လုပ်မယ့် အစီအစဉ်ကို သိုသိုသိပ်သိပ် အကောင်အထည် ဖော်နေကြောင်း ဆယ်စုနှစ် တစ်ခုလောက် ကောလာဟလတွေ ပျံ့နှံ့နေခဲ့ပါတယ်။
ကုမ္ပဏီဖက်က အဲဒီကိစ္စကို လုံးဝ လူသိရှင်ကြား အတည်ပြုပေးတာမျိုး မရှိခဲ့ပေမယ့်လည်း ဝန်ထမ်းအင်အား ၂၀၀၀ လောက်နဲ့ ပရောဂျက်ကို လည်ပတ်နေခဲ့တယ်လို့ ယုံကြည်ရပါတယ်။
အခုတော့ အဲဒီ ပရောဂျက်မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်း အများစုဟာ Appleရဲ့ ဉာဏ်ရည်တု (AI) နည်းပညာ ဌာနခွဲဆီ ရွှေ့ပြောင်းကုန်ကြပြီလို့ Bloomberg သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
ထုံးစံအတိုင်း Appleကတော့ အခုသတင်းတွေနဲ့ ပတ်သက်လို့လည်း ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေပါတယ်။
ခိုင်ခိုင်မာမာ ယုံကြည်ရတဲ့ သတင်းတွေအရ Appleရဲ့ အမှုဆောင်ချုပ် တင်မ်ကွတ်ခ်ရဲ့ ပရောဂျက် Titanရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် လျှပ်စစ်ကား နည်းပညာ သုတေသနပြု တီထွင်မှုတွေ လုပ်ဆောင်နေခဲ့တာလို့ သိရပါတယ်။
Appleဟာ လျှပ်စစ်ကားတွေ ထုတ်လုပ်ရေး ရည်မှန်းချက်မှာ ဒေါ်လာ ဘီလီယံနဲ့ချီပြီး သုတေသနနဲ့ ထုတ်လုပ်ရေး အသုံးစရိတ်တွေ မြှုပ်နှံခဲ့ပေမယ့် ရည်မှန်းထားတဲ့ အောင်မြင်မှု အရှိန်အဟုန်မျိုး မရခဲ့ပါဘူး။
ပြိုင်ဆိုင်မှု များပြားတဲ့ စျေးကွက်မှာ Appleဟာ စမတ်ဖုန်းတွေနဲ့ ကွန်ပျူတာတွေ ထုတ်လုပ်တာအပြင် တခြား ထုတ်ကုန်သစ်တွေကိုပါ ဖန်တီးဖို့ ကြိုဲးစားနေပြီး သိပ်မကြာသေးခင်က ပုံရိပ်ယောင် နည်းပညာ Headsetဖြစ်တဲ့ Vision Proကို မိတ်ဆက်ထားပါသေးတယ်။
လျှပ်စစ်ကားတွေအပေါ် စျေးကွက် တောင်းဆိုမှုဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကျရိပ်ပြလာပြီး စျေးကွက်ထဲမှာလည်း အခြေခိုင်မာပြီးသား ကုမ္ပဏီတွေ ရှိနေတာကြောင့် Appleဟာ အခု ပရောဂျက်ကို ကျောခိုင်းလိုက်တာ ဖြစ်ဖွယ် ရှိပါတယ်။
တခြား စမတ်ဖုန်း ကုမ္ပဏီ တစ်ခုဖြစ်တဲ့ တရုတ်ရဲ့ Xiaomiကတော့ စျေးကွက်ထဲ တင်ပို့ရောင်းချမယ့် ကုမ္ပဏီရဲ့ ပထမဆုံး လျှပ်စစ်ကား SU7ကို မကြာသေးခင်က တရားဝင် ထုတ်ပြန် ပြသခဲ့ပါတယ်။
ကိုးကား: Bloomberg
