အမေရိကန်က မြေအောက် ရထားတစ်စီးပေါ်မှာ အမျိုးသမီး တစ်ယောက်ကို မီးရှို့ သတ်ဖြတ်ခဲ့မှုအတွက် သံသယ တရားခံကို စွဲချက်တင်လိုက်ပါတယ်။
အသက် ၃၃ နှစ်အရွယ် ဆီဘက်ရှန် ဇာပက်တာဟာ ဒီဇင်ဘာ ၂၂ ရက်နေ့က နယူးယောက်မှာ အမျိုးသမီး တစ်ယောက်ကို သေဆုံးစေတဲ့ထိ ရက်စက်လှတဲ့ လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်း ရဲတွေက ပြောပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့မှာတော့ သူဟာ ပထမအဆင့်နဲ့ ဒုတိယအဆင့် လူသတ်မှု စွဲချက်တွေအပြင် မီးရှို့မှုနဲ့ပါ တရားစွဲဆို ခံခဲ့ရပါတယ်။
ရဲကော်မရှင်နာ ဂျက်ဆီကာ တစ်ချ်က သူတွေ့ကြုံဖူးသမျှ လူတစ်ယောက်က တခြားလူတစ်ယောက်အပေါ် ကျူးလွန်တဲ့ အဆိုးတကာ့ အဆိုးဆုံး ရာဇဝတ်မှု တစ်ခုလို့ ပြောကြားခဲ့ပါတယ်။
အမျိုးသမီးဟာ ဘရွတ်ကလင်းက ရထားတွဲ တစ်ခုပေါ်မှာ ရှိနေတဲ့အချိန် လူတစ်ယောက်က ချဉ်းကပ်လာပြီး သူ့ရဲ့ အဝတ်အစားတွေကို မီးခြစ်နဲ့ မီးတင်ရှို့ခဲ့ကြောင်း၊ စက္ကန့်ပိုင်းအတွင်း မီးက အပြင်းအထန် ကူးစက် လောင်ကျွမ်းသွားခဲ့ကြောင်း တစ်ချ်က ဆိုပါတယ်။ တာဝန်ရှိသူတွေက မီးကို ကြိုးစား ငြှိမ်းသတ်ခဲ့ပေမယ့် အမျိုးသမီးဟာ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးခဲ့ကြောင်းလည်း သူက ဆက်ပြောပါတယ်။
နာမည် မကြေညာသေးတဲ့ အမျိုးသမီးဟာ တိုက်ခိုက်ခံရချိန်မှာ မလှုပ်မယှက် ဖြစ်နေခဲ့ပြီး ဒါဟာ အိပ်ပျော်နေခဲ့တာကြောင့်လား ဆိုတာကိုတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး။ တိုက်ခိုက်မှု မတိုင်ခင်မှာ ကျူးလွန်သူနဲ့ သေဆုံးသူကြား စကားပြောဆိုမှု၊ တခြားဆက်သွယ်မှုတွေ မရှိခဲ့ဘူးလို့လည်း တစ်ချ်က အတည်ပြုခဲ့ပါတယ်။
ဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး ပါဝင်ပတ်သက်သူ နှစ်ဦးကြားမှာ သိကျွမ်းဖူးတဲ့ လက္ခဏာမျိုးလည်း မတွေ့ရကြောင်း ရဲတွေက ပြောပါတယ်။
ဇာပက်တာဟာ ၂၀၁၈ တုန်းက အမေရိကန်ကို တရားမဝင် ဝင်ရောက်လာခဲ့သူဖြစ်ပြီး အဲဒီအတွက် အဖမ်းခံရ၊ နယ်နှင်ခံခဲ့ရကြောင်း၊ ဒါပေမဲ့ အမေရိကန်ကို နောက်တစ်ကြိမ် တရားမဝင် ပြန်ဝင်ရောက်ခဲ့သူဖြစ်ကြောင်း အာဏာပိုင်တွေက ဆိုပါတယ်။
မီးရှို့မှုမှာ သူဟာ ကင်းလှည့်ရဲတွေက မီးငြှိမ်းဖို့ အပြေးအလွှား ရောက်ရှိလာတဲ့အချိန် ရထားပေါ်က ဆင်းသွားခဲ့ပေမယ့် ချက်ချင်း ထွက်မပြေးခဲ့ဘူးလို့ သိရပါတယ်။ အဲဒါကြောင့်လည်း ရဲတွေက ခန္ဓာကိုယ်မှာ တပ်ဆင်ထားတဲ့ ကင်မရာကနေ သံသယ တရားခံရဲ့ ဓာတ်ပုံကို ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား မှတ်တမ်းတင်ထားနိုင်ခဲ့ပါတယ်။
မီးရှို့ခံရတဲ့ အမျိုးသမီး သေဆုံးသွားပြီးတဲ့နောက် ရဲတွေက တရားခံကို လိုက်ရှာပြီး ဓာတ်ပုံတွေကို ထုတ်ပြန် ကြေညာခဲ့တဲ့အခါ တခြား မြေအောက်ရထား တစ်စီးပေါ်မှာ ရှိနေတဲ့ အထက်တန်း ကျောင်းသူ ၃ ယောက်က ဇာပက်တာလို့ ယူဆရသူကို တွေ့ရှိတယ်ဆိုတာ အရေးပေါ် ဖုန်းနံပါတ် 911 ဆီ ဆက်သွယ် တိုင်ကြားခဲ့ပါတယ်။ အဲဒီနောက် ရဲတွေက ရထားပေါ်တက်ပြီး သူ့ကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ သံသယ တရားခံရဲ့ အိတ်ထဲမှာ မီးခြစ်ကိုလည်း ရှာတွေ့ခဲ့တယ်လို့ ရဲတပ်ဖွဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ကိုးကား: BBC