အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်တပ် ရဟတ်ယာဉ် တိုက်မိပြီး မြစ်ထဲကို နှစ်စီးလုံး ပျက်ကျခဲ့တဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ အပူတပြင်း ဆောင်ရွက်နေပါတယ်။
ခရီးသည်နဲ့ အမှုထမ်း စုစုပေါင်း ၆၄ ဦး စီးနင်းလိုက်ပါခဲ့တဲ့ ခရီးသည်တင် လေယာဉ်ဟာ အမေရိကန် ကြည်းတပ် ရဟတ်ယာဉ် တစ်စီးနဲ့ လေထဲမှာ တိုက်မိခဲ့ပြီး ပိုတိုမက် မြစ်ထဲကို ပျက်ကျခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ မြစ်ထဲကနေ အလောင်း ၁၈ လောင်းကို ဆယ်ယူ ရရှိထားပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လု ဆောင်ရွက်နေဆဲလို့ ဆိုပါတယ်။
အခုလို လေယာဉ်နှစ်စီး တိုက်မိရတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ လောလောဆယ်မှာတော့ အနားမှာရှတဲ့ ရော်နယ်လ်ရေဂန် ဝါရှင်တန် နိုင်ငံတကာ လေဆိပ်မှာ ခရီးစဉ် အားလုံးကို ဆိုင်းငံ့ထားဖို့ ညွှန်ကြားထားပါတယ်။
ဒေသစံတော်ချိန်အရ ဇန်နဝါရီ ၂၉ ရက်နေ့ ညပိုင်း၊ (မြန်မာစံတော်ချိန် ဇန်နဝါရီ ၃၀ ရက်နေ့ မနက်ပိုင်း)မှာ အမေရိကန် လေကြောင်းလိုင်းရဲ့ ခရီးစဉ်အမှတ် ၅၄၃၂ အဖြစ် တာဝန်ယူ ပျံသန်းပေးတဲ့ PSA လေကြောင်းပိုင် လေယာဉ်ဟာ ရော်နယ်လ်ရေဂန် နိုင်ငံတကာ လေဆိပ်ဆီ ဆင်းသက်ဖို့ ချဉ်းကပ်နေချိန် ရဟတ်ယာဉ်ကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement
Bombardier CRJ700 အမျိုးအစား လေယာဉ်ဟာ ကန်းဆက်စ်မှာရှိတဲ့ ဝစ်ချီတာကနေ ပျံတက်လာခဲ့ပြီး ခရီးသည် ၆၀၊ အမှုထမ်း ၄ ဦး လိုက်ပါလာခဲ့ကြောင်း လေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။
အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်က အခုမတော်တဆမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ ရဟတ်ယာဉ်ဟာ Sikorsky H-60 အမျိုးအစားဖြစ်ပြီး ဗာဂျီးနီးယားမှာရှိတဲ့ ဘယ်လ်ဗွိုင်ခံတပ်ကနေ ပျံတက်လာခဲ့တာ ဖြစ်ကြောင်း၊ ရဟတ်ယာဉ်ပေါ်မှာ စစ်မှုထမ်း ၃ ဦး ပါရှိခဲ့ကြောင်း ကြေညာထားပါတယ်။
ကနဦး သတင်းတွေအရ လေယာဉ်နှစ်စီး တိုက်မိတဲ့နောက် ခရီးသည်တင် လေယာဉ်ဟာ နှစ်ပိုင်းကျိုးပြတ်ပြီး ပိုတိုမက်မြစ်ထဲ ကျဆင်းသွားတယ်လို့ သိရပါတယ်။ ရဟတ်ယာဉ်ဟာလည်း ရေထဲမှာ ကျွမ်းထိုးမှောက်ခုံ ရှိနေခဲ့တယ်လို့ ဆိုပါတယ်။
ရေခဲလုမတတ် အေးနေတဲ့ အပူချိန်မှာ ရဲတွေ၊ မီးသတ်တပ်ဖွဲ့ဝင်တွေဟာ အသက်ရှင် ကျန်ရစ်သူတွေကို အပူတပြင်း လိုက်လံ ရှာဖွေနေတယ်လို့ သိရပါတယ်။ ရုပ်အလောင်းတွေကို ရေထဲကနေ သယ်ထုတ်နေပြီ ဖြစ်ပေမယ့် အာဏာပိုင်တွေက အသေအပျောက် စာရင်းကိုတော့ တိတိကျကျ မပြောသေးပါဘူး။
သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရသစ် လက်ထက်မှာ ရာထူးလက်ခံ ရရှိထားတာ ပူပူနွေးနွေးပဲ ရှိသေးတဲ့ ကာကွယ်ရေးဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်နဲ့ သယ်ယူပို့ဆောင်ရေးဝန်ကြီး ရှောင်ဒပ်ဖီတို့က အခုဖြစ်စဉ်ကို အချိန်ပြည့် စောင့်ကြည့်ပြီး အစီရင်ခံမှုတွေကို နားစွင့်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
သမ္မတ ထရမ့်ကလည်း ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အစီရင်ခံမှုကို လက်ခံ ရရှိထားပြီး ဆိုးရွားလှတဲ့ မတော်တဆမှုမှာ ထိခိုက်နစ်နာခဲ့ရသူ အားလုံးအတွက် ဘုရားသခင် စောင့်ရှောက်ဖို့ ဆုတောင်းကြောင်း ကြေညာခဲ့ပါတယ်။ ပြီးတော့ ကယ်ဆယ်ရေးမှာ အစွမ်းရှိသမျှ အပတ်တကုတ် ကြိုးစားပေးနေသူတွေကိုလည်း ကျေးဇူးတင်ကြောင်း ထရမ့်က ဆိုပါတယ်။
အမေရိကန် လေကြောင်းလိုင်းရဲ့ အမှုဆောင်ချုပ် ရောဘတ် အိုင်ဆွမ်ကလည်း လေကြောင်းလိုင်းရဲ့ ဝက်ဘ်ဆိုက်ပေါ် ဗီဒီယိုတစ်ခု တင်ခဲ့ပြီး မတော်တဆမှုအတွက် အထူး စိတ်မကောင်း ဖြစ်ရကြောင်း ထည့်သွင်း ပြောဆိုထားခဲ့ပါတယ်။
ကိုးကား: CNN
