အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ မြို့တော်မှာ ခရီးသည်တင် လေယာဉ်နဲ့ စစ်ရဟတ်ယာဉ် တိုက်မိမှုအတွင်း သေဆုံးခဲ့သူ အားလုံးရဲ့ ရုပ်အလောင်းတွေကို မြစ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီလို့ သိရပါတယ်။
မြို့တော် အုပ်ချုပ်ရေး အာဏာပိုင်တွေက စုစုပေါင်း ရုပ်အလောင်း ၆၇ ခုစလုံးကို ပိုတိုမက် မြစ်ထဲကနေ ဆယ်ယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဖေဖော်ဝါရီ ၄ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။ အခုတော့ မြစ်ထဲမှာ ပျက်ကျနေတဲ့ လေယာဉ်နဲ့ ရဟတ်ယာဉ် အပျက်အစီး အားလုံးကို ဆယ်ယူ ရှင်းလင်းဖို့ပဲ အာရုံစိုက်တော့မှာ ဖြစ်ပါတယ်။
အမေရိကန် လေကြောင်းလိုင်း ခရီးစဉ်အမှတ် ၅၃၄၂ အဖြစ် ပျံသန်းတဲ့ Bombadier CRJ700 အမျိုးအစား ခရီးသည်တင် လေယာဉ်ဟာ အမေရိကန် ကြည်းတပ်ရဲ့ Black Hawk အမျိုးအစား ဘက်စုံသုံး ရဟတ်ယာဉ်နဲ့ လွန်ခဲ့တဲ့ တစ်ပတ်လောက်က မတော်တဆ တိုက်မိပြီး နှစ်စီးလုံး ပိုတိုမက် မြစ်ထဲ ပျက်ကျခဲ့တာပါ။ အမေရိကန်မှာ နှစ် ၂၀ ကျော်အတွင်း အဆိုးဆုံး ကြုံရတဲ့ လေကြောင်း မတော်တဆမှုမှာ အသက်ရှင်ကျန်သူ မရှိခဲ့ဘဲ ခရီးသည်တင် လေယာဉ်ပေါ်က ခရီးသည် ၆၀၊ အမှုထမ်း ၄ ဦး၊ ရဟတ်ယာဉ်ပေါ်က ကြည်းတပ်သား ၃ ဦးတို့ သေဆုံးခဲ့ပါတယ်။
အဲဒီ ဖြစ်ရပ်မှာ ရဟတ်ယာဉ်ဟာ ဖြစ်သင့်တာထက် ပိုမြင့်မြင့် ပျံသန်းနေခဲ့ပြီး လေဆိပ်ဆီ ဆင်းသက်ဖို့ ချဉ်းကပ်လာတဲ့ ခရီးသည်တင် လေယာဉ်ကို တည့်တည့်ကြီး ဝင်တိုက်မိခဲ့တာပါ။ ဘာကြောင့် အခုလို လွဲချော်မှုမျိုး ကြုံခဲ့သလဲ ဆိုတာဟာ ပဟေဠိ ဆန်နေဆဲဖြစ်ပြီး လေယာဉ်နှစ်စီးရဲ့ အပျက်အစီး အစိတ်အပိုင်းတွေ ပိုမို ဆယ်ယူ ရရှိလာရင်တော့ အကြောင်းရင်းကို စုံစမ်းရာမှာ လက်ရှိထက် ခရီးရောက်လာမှာပါ။

Public Service Announcement
ဖေဖော်ဝါရီ ၄ ရက်နေ့ ညပိုင်းမှာတော့ အမေရိကန် အလံဒီဇိုင်း အနီရောင် အစင်းတွေ ဆေးရေးခြယ်ထားတဲ့ ခရီးသည်တင် လေယာဉ် အမြီးပိုင်းကို မြစ်ထဲက ဆွဲတင်နေတာ တွေ့ခဲ့ရပါတယ်။
မြစ်ထဲမှာ လေထန်ပြီး လှိုင်းရိုက်ခတ်မှုတွေလည်း အားကောင်းနေတာကြောင့် လုပ်ငန်းဆောင်ရွက်ရတဲ့ အပိုင်းမှာ အကန့်အသတ်တွေတော့ ရှိနေတယ်လို့ ဆိုပါတယ်။
ဆယ်ယူရေး လုပ်ငန်းတွေမှာ FBI ထောက်လှမ်းရေး ဌာနရဲ့ ဝါရှင်တန် ကွင်းဆင်း ရေငုပ်အဖွဲ့၊ အမေရိကန် ကမ်းခြေစောင့် တပ်ဖွဲ့၊ ဝါရှင်တန်ဒီစီ ကယ်ဆယ်ရေးဌာနနဲ့ နိုင်ငံတကာ မီးသတ် အင်အားစုများ အဖွဲ့ချုပ်က ကျွမ်းကျင်သူတွေ ပူးပေါင်းပြီး အင်တိုက်အားတိုက် ဆောင်ရွက်နေကြတာပါ။
လောလောဆယ်မှာတော့ လေယာဉ်ပျက် အစိတ်အပိုင်းတွေကို ဆယ်တင်ရေးအတွက် ဦးစားပေး လုပ်ဆောင်နေပြီး အဲဒီအဆင့် ပြီးမှသာ ရဟတ်ယာဉ် ဆယ်ယူရေးကို ၄ ရက်လောက် အချိန်အတွင်း ပြီးစီးအောင် အကောင်အထည် ဖော်သွားမယ်လို့လည်း သိရပါတယ်။
ကိုးကား: CNN
