Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနားလည်း WHOကနေ နုတ်ထွက်

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန် လမ်းစဉ်ကိုလိုက်ပြီး အာဂျင်တီးနား အစိုးရဟာလည်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)ကနေ နုတ်ထွက်တော့မယ်လို့ ကြေညာခဲ့ပါတယ်။

အမေရိကန်မှာတော့ သမ္မတ ဒေါ်နယ်လ်ထရမ့် တကျော့ပြန် အာဏာရလာတဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာတင် WHOက နုတ်ထွက်ရေးကိစ္စ လုပ်ဆောင်ဖို့ အထူးအမိန့်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ အာဂျင်တီးနား အစိုးရကလည်း ကုလသမဂ္ဂ လက်အောက်ခံ အကြီးမားဆုံး ကျန်းမာရေး အေဂျင်စီကနေ နုတ်ထွက်တော့မယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

အမေရိကန်နဲ့ တူညီစွာပဲ WHOရဲ့ ကိုဗစ် ကပ်ရောဂါကာလ စီမံခန့်ခွဲမှု ပုံစံတွေကို သဘောမကျခဲ့တာကြောင့် နုတ်ထွက်ချင်တာလို့ အာဂျင်တီးနားက အကြောင်းပြချက် ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အာဂျင်တီးနား သမ္မတ ဟာဗီးယား မီလိုင်ရဲ့ ပြောရေး ဆိုခွင့်ရ အရာရှိတစ်ဦးကတော့ သမ္မတရဲ့ ဆုံးဖြတ်ချက်ဟာ ကျန်းမာရေးဆိုင်ရာ စီမံခန့်ခွဲမှု အပိုင်းတွေမှာ WHOနဲ့ နက်နက်ရှိုင်းရှိုင်း အမြင်ကွဲလွဲတာ၊ အထူးသဖြင့် ကပ်ရောဂါ ကာလမှာ အဲဒီအခြေအနေက အရမ်းသိသာခဲ့တာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။ ထရမ့်ဟာ မီလိုင်ရဲ့ နိုင်ငံရဲ့ မဟာမိတ်၊ ပြီးတော့ အယူအဆရေးရာ ဆရာတင်ထားတဲ့သူမျိုး ဖြစ်ပါတယ်။

အာဂျင်တီးနား အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မန်နျူရယ်လ် အဒေါ်နီက လူ့သမိုင်းမှာ အရှည်လျားဆုံး အသွားအလာ ကန့်သတ်မှု (lockdown)တွေအတွက် WHOကို အပြစ်တင်ခဲ့သလို WHOဟာ အမှန်တကယ် လွတ်လပ်တဲ့ အဖွဲ့အစည်း မဟုတ်ဘဲ နိုင်ငံတချို့ရဲ့ မူဝါဒရေးရာ လွှမ်းမိုးမှုအောက်မှာ ကြိုးဆွဲခံနေရကြောင်းလည်း ဝေဖန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ရည်ညွှန်းတဲ့ နိုင်ငံတွေ နာမည်ကိုတော့ ထုတ်မပြောခဲ့ပါဘူး။

WHOရဲ့ အချက်အလက်တွေအရ အာဂျင်တီးနားဟာ အဖွဲ့ဝင် အနေနဲ့ ထည့်ဝင်ထောက်ပံ့တဲ့ ငွေကြေး ပမာဏဟာ ၂၀၂၂ နဲ့ ၂၀၂၃ ခုနှစ်အတွင်း ဒေါ်လာ ၈.၇၅ သန်း ရှိခဲ့ကြောင်း သိရပြီး WHOရဲ့ စုစုပေါင်း ဘတ်ဂျတ် ၀.၁၁ ရာခိုင်နှုန်းနဲ့ ညီမျှပါတယ်။ မူလက အာဂျင်တီးနားဟာ ၂၀၂၄ နဲ့ ၂၀၂၅ ခုနှစ်တွေမှာ ဒေါ်လာ ၈.၂၅ သန်း ထည့်ဝင်မယ်လို့ ကတိပြုထားခဲ့ဖူးပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကလည်း အာဂျင်တီးနားဟာ WHOက ရေးဆွဲတဲ့ ကပ်ရောဂါကာလ စီမံတုံ့ပြန်ရေး လုပ်ထုံးလုပ်နည်း ပြဋ္ဌာန်းချက်တွေကို လက်ခံ ကျင့်သုံးဖို့ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီ အချိန်ကတည်းက အာဂျင်တီးနားဟာ WHOက နုတ်ထွက်ဖို့ စဉ်းစားနေတယ်လို့ အသိပေးထားပါတယ်။

ဖေဖော်ဝါရီ ၅ ရက်နေ့မှာတော့ သမ္မတရုံးဆီက အတည်ပြု ကြေညာချက်နဲ့ အဒေါ်နီရဲ့ သတင်းစာ ရှင်းလင်းပွဲ ထုတ်ပြန်ချက်တွေ ထွက်ပေါ်လာပြီး ဆုံးဖြတ်ချက်ကို သေချာစေခဲ့တာ ဖြစ်ပါတယ်။

WHOဖက်ကတော့ အခုအခြေအနေကို မှတ်ချက်ပေး တုံ့ပြန်တာမျိုး မရှိသေးပါဘူး။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ အခြေစိုက်တဲ့ WHOအတွက်တော့ အမေရိကန်ရဲ့ နုတ်ထွက်မှုဟာ ပိုပြီး ဘေးကျပ်နံကျပ် ပြဿနာမျိုး ဖြစ်လာနိုင်ပါတယ်။ အမေရိကန်ဟာ WHOအတွက် ရန်ပုံငွေ ထောက်ပံ့မှု အများဆုံး နိုင်ငံဖြစ်တာကြောင့် အမေရိကန် နုတ်ထွက်မှုဟာ အဖွဲ့အတွင်း ငွေကြေး သုံးစွဲမှု အကျပ်အတည်းတွေကို ကြုံတွေ့လာစေခဲ့ပါတယ်။

မီလိုင်ဟာ ထရမ့်နဲ့ ပုဂ္ဂိုလ်ရေးအရလည်း အများကြီး ရင်းနှီးပြီး နိုဝင်ဘာ ရွေးကောက်ပွဲမှာ ထရမ့် အနိုင်ရခဲ့ပြီးတဲ့နောက် ဖလော်ရီဒါမှာ ရှိနေတဲ့ သူ့ရဲ့ စံအိမ်ဆီ သွားရောက်လည်ပတ်ပြီး ဂုဏ်ပြုတဲ့ ပထမဆုံး နိုင်ငံခေါင်းဆောင်လည်း ဖြစ်ခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်အုပ်စုက နိုင်ငံတကာကအသိအမှတ်ပြုအောင် ကြိုးပမ်းနေချိန်မှာ အမေရိကန်မရိန်းတပ်သားဟောင်းတစ်ဦးကို လွှတ်ပေးဖို့ အမေရိကန်အရာရှိတွေမြန်မာကိုရှားရှားပါးပါး လာရောက်

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ဒေသကို တပ်တွေ စေလွှတ်မှာ မဟုတ်ကြောင်း တောင်ကိုရီးယား သမ္မတ လီဂျေမြောင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ F-16 တိုက်လေယာဉ် တစ်စီးဟာ လူနေအိမ်တွေကြား မြက်ခင်းပေါ် ပျက်ကျပြီး အပြင်းအထန် မီးလောင်ကျွမ်း ပျက်စီးသွားခဲ့ပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံ စစ်ဖြစ်နေပေမယ့်လည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံ တက်ဖို့အတွက် အီရန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို အမေရိကန်က ပြည်ဝင်ခွင့် ပြုသွားမယ်လို့ သိရပါတယ်။