Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ယူကရိန်းစစ်ပွဲ ရပ်တန့်ရေး ဆွေးနွေးမှုတွေ စနေပြီလို့ ထရမ့်ဆို

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သူဦးဆောင်တဲ့ အမေရိကန် အစိုးရရဲ့ ပါဝင် ဆွေးနွေးမှုတွေ အစပြုပြီလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ယူကရိန်းစစ်ပွဲ ရပ်ဆိုင်းရေးကိစ္စ သူဦးဆောင်တဲ့ အမေရိကန် အစိုးရရဲ့ ပါဝင် ဆွေးနွေးမှုတွေ အစပြုပြီလို့ သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားလိုက်ပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ ဖုန်းပြောပြီးတဲ့နောက် ထရမ့်က အခုလို ပြောကြားခဲ့တာပါ။ သူက ပူတင်နဲ့ ဆွေးနွေးမှုတွေဟာ ရှည်လျားပြီး အများကြီး အပြုသဘော ဆောင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

သူထူထောင်ထားတဲ့ လူမှုကွန်ရက် မီဒီယာ ပလက်ဖောင်း Truthမှာတော့ ထရမ့်က ရုရှားသမ္မတဟာ ဆွေးနွေးမှုတွေ ချက်ချင်း စတင်နိုင်ရေးအတွက် သက်ဆိုင်ရာ ကိုယ်စားလှယ် အဖွဲကအသီးသီး စေလွှတ်ရေး ကိစ္စကို သဘောတူခဲ့တယ်လို့ ရေးသားထားပါတယ်။

နောက်ပိုင်းမှာတော့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကလည်း သူဟာ အဓွန့်ရှည်ပြီး ယုံကြည်စိတ်ချရမယ့် ငြိမ်းချမ်းရေးမျိုး အာမခံချက် ရရှိနိုင်ရေးအတွက် ထရမ့်နဲ့ စကားပြောဖြစ်ခဲ့တယ်လို့ အတည်ပြုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရော၊ သူ့ရဲ့ ကာကွယ်ရေး ဝန်ကြီးကပါ ယူကရိန်း အနေနဲ့ NATO စစ်မဟာမိတ် အဖွဲ့ဆီ ပူးပေါင်း ဝင်ရောက်ဖို့ မဖြစ်နိုင်လောက်ဘူးလို့ ထုတ်ပြောခဲ့ပြီး မကြာခင်မှာပဲ ထရမ့်က ရုရှားနဲ့ ယူကရိန်း သမ္မတတွေကို ဖုန်းပြောခဲ့တာ ဖြစ်ပါတယ်။ NATOမှာ ယူကရိန်း ပါဝင်ခွင့်ကို ထရမ့်က မထောက်ခံတာဟာ ယူကရိန်း အစိုးရ အတွက်တော့ ခါးသီးတဲ့ စိတ်ပျက်စရာ အခြေအနေ တစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။

ဇီလန်စကီးက သူဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကျရင် ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ပြုလုပ်မယ့် ကာကွယ်ရေး ညီလာခံ တစ်ခုမှာ အမေရိကန် ဒုတိယ သမ္မတ ဂျိမ်းစ်ဒေးဗစ်ဗန့်စ်၊ နိုင်ငံခြားရေး ဝန်ကြီး မာကို ရူဘီရိုတို့နဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ ပြောကြားထားပါတယ်။

ထရမ့်ကတော့ လုံးဝ မဖြစ်သင့်ခဲ့တဲ့ စစ်ပွဲကြီးကို ရပ်တန့်ဖို့ လက်ရှိကာလဟာ သင့်တော်တဲ့ အချိန်မျိုး ဖြစ်လာကြောင်း၊ မလိုလားအပ်တဲ့ အပျက်အစီးတွေနဲ့ သေဆုံးမှုတွေကို ရပ်တန့်ရတော့မှာဖြစ်ကြောင်း၊ ရုရှားနဲ့ ယူကရိန်း ပြည်သူတွေကို ဘုရားသခင် ကောင်းချီးပေးဖို့ ဆုတောင်းပေးကြောင်း လူမှုကွန်ရက်မှာ ရေးသားထားခဲ့ပါတယ်။

သူက ပူတင်နဲ့ မျက်နှာချင်းဆိုင် ဆွေးနွေးဖို့ စီစဉ်ထားတာကို အတည်ပြုပေမယ့် ဘယ်နေ့မှာ ဖြစ်မလဲ ဆိုတာကိုတော့ မပြောသေးပါဘူး။ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာတော့ ဆွေးနွေးမှုဟာ ဆော်ဒီအာရေးဘီးယားမှာ ဖြစ်လိမ့်မယ်လို့ ထရမ့်က မှတ်ချက်ပေးသွားပါတယ်။

ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်ကတော့ လက်ရှိဟာ အတူပူးပေါင်း ညှိနှိုင်းဆောင်ရွက်မှုတွေအတွက် သင့်တော်တဲ့ အချိန်ကာလ ရောက်လာပြီဆိုတဲ့ ထရမ့်ရဲ့ သဘောထားကို သမ္မတ ပူတင်ကလည်း သဘောတူ လက်ခံကြောင်း ပြောကြားသွားပါတယ်။

ထရမ့်နဲ့ပူတင် ဖုန်းပြောခဲ့တာဟာ တစ်နာရီခွဲ နီးပါးကြာပြီး ပူတင်က ထရမ့်ကို မော်စကို မြို့တော်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ကြားခဲ့သေးတယ်လို့လည်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

ထရမ့်က တကယ်လို့ ငြိမ်းချမ်းရေး သဘောတူညီချက် ရရှိနိုင်မယ် ဆိုရင်တောင် ယူကရိန်းဟာ ၂၀၁၄ ခုနှစ် မတိုင်ခင် နယ်နိမိတ်မျိုးကို ပြန်လည် ပိုင်ဆိုင်မှာ မဟုတ်ကြောင်း၊ ဒါပေမဲ့ ရုရှားသိမ်းယူထားတဲ့ နယ်မြေတွေထဲက တချို့ကိုတော့ ပြန်ရနိုင်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲဟာ ၂၀၂၂ ခုနှစ်မှာ စတင်ခဲ့ပေမယ့် ရုရှားတပ်တွေဟာ ၂၀၁၄ ကတည်းက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို သိမ်းပိုက်ထားခဲ့တာပါ။

ယူကရိန်း သမ္မတ ဇီလန်စကီးက စစ်ပွဲရပ်ဆိုင်းရေးအတွက် အပေးအယူအဖြစ် ယူကရိန်း နယ်မြေတွေကို လက်လွှတ်ရမယ် ဆိုတာမျိုး လက်မခံနိုင်ဘူးလို့ ပြောထားဖူးပေမယ့် ထရမ့်ရဲ့ လတ်တလော မှတ်ချက်ကတော့ အဲဒီ သဘောထားကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။ နောက်ပြီး ယူကရိန်းအရေး ဆွေးနွေးမှုတွေမှာ ယူကရိန်း မပါဘဲ မလုပ်သင့်ဘူးလို့ ဇီလန်စကီးက ပြောခဲ့ဖူးပေမယ့် သူ့ရဲ့ မျက်ကွယ်မှာ ထရမ့်က ပူတင်နဲ့ စိတ်တိုင်းကျ ဆွေးနွေးမှုတွေ လုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်ပွဲ ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ကောင်းမွန်ပြီး အပြုသဘောဆန်တဲ့ ဖုန်းခေါ်ဆိုမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့က အသီးသီး ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဒေါ်နယ်လ်ထရမ့်နဲ့ ဗလာဒီမာ ပူတင်တို့ ဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး နာရီပိုင်း အကြာမှာ ရုရှားနဲ့ ယူကရိန်းဟာ နှစ်ဖက် အခြေခံ အဆောက်အအုံတွေ ထိခိုက် ပျက်စီးစေဖို့ လေကြောင်းကနေ တိုက်ခိုက်ခဲ့ကြပါတယ်။

နိုင်ငံတကာ

ယူကရိန်းရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်မှုတွေ ရပ်ဆိုင်းမယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဆီ ကတိပေးခဲ့ပါတယ်။ ဒါပေမဲ့ ထရမ့် မျှော်လင့်ထားသလို ရက်ပေါင်း ၃၀ အလုံးစုံ အပစ်အခတ် ရပ်စဲရေး အဆင့်ကိုတော့ ပူတင်က...

နိုင်ငံတကာ

တရုတ် သမ္မတ ရှီကျင့်ဖျင်ဟာ သိပ်မကြာခင်မှာ အမေရိကန်ကို အလည်အပတ် ခရီးစဉ် လာရောက်နိုင်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။