ပါလက်စတိုင်း နယ်မြေဖြစ်တဲ့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချ နေထိုင်သူတွေက တရားမဝင် ဆောက်လုပ်ထားတဲ့ စခန်းတွေကို ဖယ်ရှားဖို့ အစ္စရေး ဝန်ကြီးချုပ်က အမိန့်ပေးထားကြောင်း သိရပါတယ်။
အနောက်ဖက် ကမ်းခြေဒေသမှာ အစ္စရေးရဲ့ ဂျူးအခြေချ နေထိုင်သူတွေက ဒေသခံ ပါလက်စတိုင်းတွေကို ရန်လို တိုက်ခိုက်နေမှုတွေကို ဟန့်တားပေးဖို့ မဟာမိတ် အမေရိကန် အစိုးရဆီက ဖိအားပေးမှုတွေ ကြုံလာတဲ့နောက် ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက အခုလို ညွှန်ကြားခဲ့တာလို့ အစ္စရေး အစိုးရ အဖွဲ့ထဲက သတင်းရင်းမြစ် တစ်ဦးက Reutersဆီ ပြောကြားခဲ့ပါတယ်။
ဝန်ကြီးချုပ် ညွှန်ကြားချက်အရ အစ္စရေး အစိုးရက တရားဝင် ခွင့်ပြုပေးထားတာ မရှိဘဲ အနောက်ဖက် ကမ်းခြေဒေသမှာ သွားရောက် ဆောက်လုပ်ထားတဲ့ အခြေချ စခန်းနေရာတွေကို ရှင်းလင်းစေမယ်လို့လည်း အဲဒီ သတင်းရင်းမြစ်က ဆိုပါတယ်။
ဒါပေမဲ့ ဘယ်အချိန်မှာ ဖယ်ရှားမှုတွေ စတင်မလဲ ဆိုတာကိုတော့ တိတိကျကျ မသိရပါဘူး။ အဲဒီလိုမျိုး စခန်းနေရာတွေကိုတော့ ဂျူးအခြေချသူတွေက အစုငယ်လေးတွေနဲ့ သွားရောက်တည်ဆောက်ပြီး စုဝေးနေထိုင်ကြတာ ဖြစ်ပါတယ်။ အစ္စရေး အစိုးရဟာ အရင်ကလည်း တရားဝင် ခွင့်ပြုချက်နဲ့ မဟုတ်တဲ့ အခြေချ စခန်းတွေကို ဖျက်သိမ်းစေတာမျိုး၊ တချို့ကိုတော့ စိစစ်ပြီး အသိအမှတ် ပြုပေးတာမျိုးတွေ လုပ်ခဲ့ပါတယ်။ တရားဝင် အသိအမှတ်ပြုမှု ရသွားတဲ့ စခန်းတွေကိုတော့ အစ္စရေး အစိုးရက ထောက်ပံ့ကြေး ပေးပါတယ်။

Public Service Announcement
ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်း အများအပြားကတော့ အနောက်ဖက် ကမ်းခြေဒေသမှာ ဂျူးအခြေချသူတွေ ကျူးကျော်ဝင်ရောက် နေထိုင်သူတွေဟာ နိုင်ငံတကာ ဥပဒေတွေအရ တရားမဝင်ဘူးလို့ သတ်မှတ်ထားပါတယ်။ အနောက်ဖက် ကမ်းခြေဒေသကို စစ်ရေးအရ ထိန်းချုပ်ထားပေမယ့် အစ္စရေးကတော့ ထိန်းချုပ်တယ်ဆိုတဲ့ အသုံးအနှုန်းကို ငြင်းပယ်ပြီး အဲဒီဒေသဟာ ပိုင်နက်အငြင်းပွားရာ နယ်မြေလို့သာ သုံးနှုန်းထားပါတယ်။
ပြီးခဲ့တဲ့လတုန်းကတော့ ဂျူးအခြေချ နေထိုင်သူတွေဟာ သူတို့ရဲ့ စခန်းတည်နေရာနားက ပါလက်စတိုင်း ကျေးရွာတစ်ခုထဲ ဝင်ရောက်ပြီး နေအိမ်တွေကို သိမ်းယူခဲ့ပါတယ်။ အဲဒီထဲမှာ ပါလက်စတိုင်းနွယ်ဖွား အမေရိကန် တစ်ဦးရဲ့ အိမ်လည်း ပါသွားခဲ့ပါတယ်။ ပါလက်စတိုင်း ဒေသခံတွေက ဂျူးအခြေချသူတွေရဲ့ ရန်လိုမှု၊ နှောင့်ယှက်မှုတွေကို ကာလရှည်ကြာ ကြုံတွေ့ ခံစားနေရကြောင်း ပြောပါတယ်။
မကြာသေးခင်ကတော့ အမေရိကန် အစိုးရဟာ ဂျူးအခြေချသူတွေရဲ့ စည်းလွတ်ဝါးလွတ် လုပ်ရပ်တွေအပေါ် ကြပ်မတ် ကိုင်တွယ်ပေးဖို့ အစ္စရေးအပေါ် ဖိအားပေးလာတဲ့နောက် နေတန်ညာဟုက အနောက်ဖက် ကမ်းခြေဒေသမှာရှိတဲ့ တရားမဝင် ဆောက်လုပ်ထားတဲ့ အခြေချ စခန်းတွေကို ဖယ်ရှားဖို့ အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။
အစ္စရေး သတင်းဝက်ဘ်ဆိုက် တစ်ခုဖြစ်တဲ့ Ynetကတော့ ဝန်ကြီးချုပ်ရဲ့ အမိန့်ဟာ ဂျူးအခြေချ စခန်းပေါင်း ၁၀၀ လောက်ကို အဓိက ရည်ရွယ်ထားဟန် ရှိတယ်လို့ သုံးသပ် ဖော်ပြခဲ့ပါတယ်။ အနောက်ဖက် ကမ်းခြေဒေသမှာ အဲဒီလို စခန်းမျိုး ၃၄၀ လောက် ရှိနေပြီး အဲဒီထဲက ၁၄၆ ခုကိုတော့ အစ္စရေး အစိုးရက တရားဝင် အသိအမှတ် ပြုထားပါတယ်။
ကိုးကား: Reuters


















































