Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ငြိမ်းချမ်းရေး အဆိုပြုချက်ကို အစ္စရေးရော၊ ဟားမားစ်ပါ လက်ခံထားပေမယ့် ဂါဇာမှာ တိုက်ပွဲတွေ မရပ်သေး

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြု အစီအမံကို အစ္စရေးရော၊ ဟားမားစ်ကပါ သဘောတူ လက်ခံထားပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။

ဓာတ်ပုံ - Reuters

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြု အစီအမံကို အစ္စရေးရော၊ ဟားမားစ်ကပါ သဘောတူ လက်ခံထားပေမယ့် ဂါဇာ ကမ်းမြှောင်ဒေသမှာ တိုက်ခိုက်မှုတွေက ဆက်လက် ဖြစ်ပွားနေဆဲပါ။

ထရမ့်က ဂါဇာမှာ စစ်ပွဲကို အပြီးသတ် ရပ်ဆိုင်းစေဖို့အတွက် အချက် ၂၀ ပါတဲ့ ကြားဝင် စေ့စပ် ကမ်းလှမ်းမှု တစ်ခုကို ပြုလုပ်ခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာတော့ အစ္စရေး အစိုးရကရော၊ ဟားမားစ်ကပါ အဲဒီ အဆိုပြုချက်ရဲ့ ပထမအဆင့်တွေ အကောင်အထည်ဖော်ရေး ဆွေးနွေးဖို့ သဘောတူခဲ့ပါတယ်။

ပထမအဆင့် ဆွေးနွေးကြမယ့် ကိစ္စတွေမှာတော့ ဂါဇာမှာ ဟားမားစ်တွေက ဖမ်းဆီးထားတဲ့ ဓားစာခံတွေ အားလုံးကို ပြန်လွှတ်ပေးဖို့၊ အစ္စရေးကလည်း ပါလက်စတိုင်း အကျဉ်းသားတွေကို လွှတ်ပေးဖို့ ဆိုတာက အရေးအကြီးဆုံး လုပ်ငန်းစဉ် အနေနဲ့ ပါဝင်နေပါတယ်။

ဟားမားစ်တွေက သူ့အဆိုပြုချက်ကို လက်ခံ ဆွေးနွေးဖို့ သဘောတူလိုက်တဲ့နောက် ထရမ့်က ဂါဇာမှာ ဗုံးကြဲနေတာတွေကို ရပ်ထားဖို့ အစ္စရေးကို ဟန့်တားထားလိုက်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စရေးရဲ့ စစ်ဆင်နွှဲမှုတွေ အတိုင်းအတာ တစ်ခုထိ လျော့ကျသွားပေမယ့် အပစ်ရပ်သွားတာတော့ မဟုတ်ဘဲ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပါတယ်။ အစ္စရေး ကာကွယ်ရေး ဝန်ကြီးဌာနကလည်း ဂါဇာမှာ အပစ်အခတ် ရပ်စဲထားတာ မဟုတ်ဘူးလို့ ရှင်းရှင်းလင်းလင်း အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အဆိုကို အီဂျစ်နိုင်ငံမှာ အောက်တိုဘာ ၆ ရက်နေ့ကစလို့ ဆွေးနွေးမှုတွေ စတင်မှာဖြစ်ပြီး ထရမ့်က ဆွေးနွေးပွဲ အောင်မြင်အောင် ပါဝင်ကူညီနေသူ အားလုံးက ပိုပြီး သွက်သွက်လက်လက် စီစဉ်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုတွေကို အမေရိကန်၊ ကာတာနဲ့ အီဂျစ် အစိုးရတွေက အဓိက ပူးပေါင်း ဦးဆောင်ပေးနေတာ ဖြစ်ပါတယ်။

ထရမ့်က အစ္စရေးနဲ့ ဟားမားစ်တို့ကြား တိုက်ရိုက်မဟုတ်ဘဲ ညှိနှိုင်းနေမှုတွေဟာ အောင်မြင်မှုတွေ အများကြီး ရနှင့်နေပြီလို့ လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပြီး သူ့ကမ်းလှမ်းချက်ရဲ့ ပထမအဆင့်တွေဟာ ဒီသီတင်းပတ်ထဲမှာ ပြီးမြောက် အောင်မြင်မယ်လို့ မျှော်လင့်ကြောင်း၊ အားလုံးကိုလည်း ခပ်မြန်မြန် လက်စသတ်ပေးဖို့ တောင်းဆိုထားကြောင်း ပြောပါတယ်။ အီဂျစ်က ဆွေးနွေးမှုတွေ အောင်မြင်ခဲ့ပြီးရင်တော့ ဂါဇာမှာ အပစ်အခတ် ရပ်စဲမှုကာလ အစပြုနိုင်ဖွယ် ရှိပါတယ်။

နောက်ပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာလည်း ထရမ့်က အစ္စရေး ဓားစာခံတွေဟာ သိပ်မကြာခင် အားလုံး လွတ်မြောက်လာနိုင်လိမ့်မယ်လို့ မှတ်ချက်ပေးသွားပါတယ်။

သူ့ရဲ့ ငြိမ်းချမ်းရေး ကမ်းလှမ်းချက် အစီအမံဟာ အခြေအနေနဲ့ လိုက်လျောညီထွေ ပြောင်းလွယ်ပြင်လွယ် ဖြစ်နိုင်မလားလို့ သတင်းထောက်တွေက မေးမြန်းတဲ့အခါ ထရမ့်က အားလုံး လက်ခံထားကြပြီးသား ကိစ္စမို့ ပြောင်းလွယ်ပြင်လွယ် ဖြစ်စရာ မလိုကြောင်း၊ ဒါပေမဲ့ အချက်အလက် အပြောင်းအလဲ တချို့တော့ ရှိကောင်း ရှိနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဒါပေမဲ့ သူ့ရဲ့ အဆိုပြုချက်တွေဟာ အစ္စရေး အတွက်ရော၊ အာရပ် ကမ္ဘာနဲ့ နိုင်ငံတကာ အသိုက်အဝန်းအတွက် အရမ်းကောင်းမွန်တဲ့ အခြေအနေဖြစ်ကြောင်း၊ ဒီအတွက်လည်း အားလုံးက ပျော်ရွှင်နေကြကြောင်း ထရမ့်က ဆိုပါတယ်။

ထရမ့်ရဲ့ ဂါဇာ ငြိမ်းချမ်းရေး အဆိုပြုချက်ဟာ ပထမအဆင့် အကြောင်းအရာတွေ အကောင်အထည် ပေါ်နိုင်ရေးအတွက် အရှိန်မြှင့် ဆောင်ရွက်နေနိုင်ပေမယ့် ဒုတိယအဆင့်မှာတော့ ပိုပြီး ရှုပ်ထွေး ခက်ခဲမှုတွေ ကြုံလာနိုင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။

နိုင်ငံတကာ အကဲခတ်တွေ အဓိက စောင့်ကြည့်နေတာကတော့ ထရမ့်ရဲ့ အဆိုပြုချက်တွေထဲမှာ ဟားမားစ်တွေ အနေနဲ့ အပြီးတိုင် လက်နက်စွန့်ပြီး ဂါဇာမှာ ကြီးစိုး အုပ်ချုပ်နေမှုကိုပါ အဆုံးရှုံးခံရမယ်လို့ ထည့်သွင်းထားခြင်း ဖြစ်ပါတယ်။ ဟားမားစ်တွေက အစ္စရေး ဓားစာခံတွေကို လွှတ်ပေးဖို့ လက်ခံထားပေမယ့်လည်း နောက်ဆက်တွဲ ထပ်ညှိရမယ့် လက်နက် စွန့်လွှတ်ရေး ကိစ္စနဲ့ ပတ်သက်လို့တော့ ဘာမှတ်ချက်မှ မပေးဘဲ နှုတ်ဆိတ်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်ဆီက အပြည့်အဝ လက်နက် စွန့်လွှတ်ဖို့ သဘောတူ ကတိကို ရရှိခဲ့ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ အင်အားအကြီးဆုံး လက်နက်ကိုင် တပ်ဖြစ်တဲ့ အစ္စလာမ်မစ် တော်လှန်ရေး အစောင့်တပ် (IRGC)နဲ့ ဆက်စပ်တဲ့ သတင်းဌာန တစ်ခုက အမေရိကန် သမ္မတရဲ့ ဇနီးနဲ့သားကို လုပ်ကြံဖို့ တိုက်တွန်းထားတဲ့ ဗီဒီယိုတစ်ခု ဖြန့်ဝေခဲ့တာကို အမေရိကန် သမ္မတ လုံခြုံရေး တာဝန်ယူထားတဲ့ လျှို့ဝှက် ထောက်လှမ်းရေး...

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။