ကားကုမ္ပဏီ အများအပြားက အနာဂတ်မှာ လျှပ်စစ် စွမ်းအင် သီးသန့်သုံးတဲ့ မော်တော်ကား (EV)တွေချည်းပဲ ထုတ်လုပ်သွားဖို့ စီမံကိန်းတွေ ရေးဆွဲထားပေမယ့် အီတလီ နာမည်ကျော် စူပါကား ကုမ္ပဏီ Lamborghiniကတော့ အဲဒီ လမ်းကြောင်းကို လိုက်မှာ မဟုတ်ကြောင်း ပြောပါတယ်။
ကမ္ဘာပေါ်မှာ အကျော်ကြားဆုံး စူပါကား အမှတ်တံဆိပ် တစ်ခုအဖြစ် ရပ်တည်နေတဲ့ Lamborghini အနေနဲ့ နောက်ထပ် အနည်းဆုံး ၁၀ နှစ်လောက် ကြာတဲ့ထိတော့ ရုပ်ကြွင်းလောင်စာသုံး အင်ဂျင်တွေကို စွန့်လွှတ်ဦးမှာ မဟုတ်ဘူးလို့ ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က showroomမှာ ကုမ္ပဏီ အမှုဆောင်ချုပ် စတီဖန် ဝင်ကယ်လ်မန်းက မှတ်ချက်ပေးသွားပါတယ်။
EVတွေဟာ သဘာဝ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ကာဘွန် ညစ်ညမ်းဓာတ်ငွေ့ ထုတ်လွှတ်မှုတွေ လုံးဝ ကင်းမဲ့တာ၊ စက်သံ မဆူတာမျိုး အားသာချက်တွေ ရှိပေမယ့်လည်း Lamborghiniကတော့ ကုမ္ပဏီရဲ့ စူပါကား အားလုံးကို EVအဖြစ် ပြောင်းလဲသွားဖို့ စိတ်ကူးမရှိဘူးလို့ ဝင်ကယ်လ်မန်းက ဆိုပါတယ်။ အကြောင်းရင်းကတော့ စူပါကားတွေကနေ ဟိန်းထွက်လာတဲ့ အင်ဂျင်စက်သံကို ဖောက်သည်တွေက အထူးနှစ်သက် သဘောကျနေတာကြောင့်လို့ သူက ရှင်းပြခဲ့ပါတယ်။
တန်ဖိုးကြီး စူပါကားတွေ ထုတ်လုပ် ရောင်းချတာ ဖြစ်တဲ့အတွက် Lamborghiniမှာ လက်ရွေးစင် ဖောက်သည် အရေအတွက်လောက်ပဲ အနည်းအကျဉ်းနဲ့ ရှိနေတာပါ။ ဒါကြောင့် ကုမ္ပဏီဟာ ဖောက်သည်တွေရဲ့ လိုလားချက်ကို ဦးစားပေးဖို့ လိုတယ်လို့ သူက ပြောပါတယ်။

Public Service Announcement
Lamborghiniက လက်ရှိ ထုတ်လုပ်နေတဲ့ ကားတွေထဲမှာ EVသီးသန့် လုံးဝမရှိပါဘူး။ ဒါ့အပြင် အနာဂတ်အတွက် ရည်ရွယ်ထားတဲ့ Lanzador မော်ဒယ်ဟာ လျှပ်စစ်မော်တာနဲ့ ဓာတ်ဆီအင်ဂျင် ပေါင်းထားတဲ့ Hybrid အမျိုးအစား ဖြစ်မလား၊ EV သီးသန့် ဖြစ်မလား ဆိုတာကို ကုမ္ပဏီက မဆုံးဖြတ်သေးပါဘူး။
ဝင်ကယ်လ်မန်းက ကုမ္ပဏီ အနေနဲ့ EV နည်းပညာကို လုံးဝ မျက်ခြေပြတ် မခံပေမယ့်လည်း ပေါက်ကွဲအား ပြင်းထန်တဲ့ ရုပ်ကြွင်းလောင်စာ အင်ဂျင်တွေ ဆိုတာကပဲ စူပါကားတွေရဲ့ ဝိသေသဆိုတဲ့ အတွေးကိုတော့ မစွန့်ခွာနိုင်ကြောင်း ဆိုပါတယ်။
Lamborghiniကို မော်တော်ယာဉ် လုပ်ငန်းစုကြီး Volkswagenက ပိုင်ဆိုင်ထားပေမယ့် သီးခြား မူဝါဒတွေ၊ လုပ်ငန်းစဉ်တွေနဲ့ လည်ပတ်နေတာပါ။ လောလောဆယ်မှာတော့ ကုမ္ပဏီက Temerario၊ Revuelto၊ Urusဆိုတဲ့ မော်ဒယ်သုံးမျိုး အဓိက ထုတ်လုပ်နေပါတယ်။
အဲဒီကားတွေ အားလုံးက အားကောင်းတဲ့ ဓာတ်ဆီ အင်ဂျင်တွေကို အီလက်ထရောနစ် မော်တာနဲ့ ထောက်ပံ့ပေးထားတဲ့ Hybrid စွမ်းအင်သုံး အမျိုးအစားတွေပါ။ ဒါပေမဲ့ ကားတွေရဲ့ စက်အားကတော့ ဓာတ်ဆီ အင်ဂျင်ကိုပဲ အဓိက မှီခိုထားရပါတယ်။ ကားတိုင်းဟာ EVသီးသန့် ပုံစံအဖြစ် ပြောင်းလဲ မောင်းနှင်နိုင်ပေမယ့် ခရီး အရမ်းတိုတိုလေး အတွက်ပဲ အဆင်ပြေပါတယ်။
Lamborghiniဟာ Fenomenoလို့ နာမည်ပေးထားတဲ့ အထူးသီးသန့် မော်ဒယ်ကိုလည်း အစီး ၃၀ သာ ထုတ်လုပ် ရောင်းချနေပါတယ်။ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ၂၁၅ မိုင်ထိ မောင်းနှင်နိုင်တဲ့ အဲဒီကားတွေဟာ အခွန်မဆောင်ခင် တစ်စီးကို ယူရို ၃ သန်း တန်ဖိုးကျသင့်မှာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ်လောက်တုန်းက Lamborghiniဟာ SUV အမျိုးအစား Urusရဲ့ လျှပ်စစ်စွမ်းအင် သီးသန့်သုံး EV မော်ဒယ်ကို ထုတ်လုပ်ဖို့ ပြင်ဆင်နေကြောင်း ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ စီမံကိန်းကို သိပ်မကြာသေးခင်မှာ ကုမ္ပဏီက ဖျက်သိမ်းခဲ့ပြီး ၂၀၃၅ မတိုင်ခင်ထိတော့ Urusရဲ့ EV အမျိုးအစား ထွက်လာမှာ မဟုတ်ဘူးလို့ အတည်ပြုသွားပါတယ်။
ဗြိတိန်နဲ့ ဥရောပ သမဂ္ဂ (EU)တို့ဟာ Hybrid အမျိုးအစားတွေ အပါအဝင် ရုပ်ကြွင်းလောင်စာ အင်ဂျင်သုံး ကားအားလုံးကို ၂၀၃၅ ခုနှစ်ကစလို့ အသုံးပြုခွင့် ပိတ်ပင်ဖို့ စီစဉ်ထားပါတယ်။ ဒါပေမဲ့ တစ်နှစ်ကို ကားအစီးရေ ၂၅၀၀ အောက်သာ ထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ အဲဒီ ပိတ်ပင်မှုကနေ ကင်းလွတ်ခွင့် ရကြမှာပါ။ Lamborghiniရဲ့ နှစ်စဉ် ထုတ်လုပ်မှု အရေအတွက်ဟာ ကားအစီးရေ ၈၀၀ ဝန်းကျင်သာ ဖြစ်တာကြောင့် အဲဒီ ကင်းလွတ်ခွင့်ထဲ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ကိုးကား: BBC
















































