ရိုမေးနီးယားဟာ နယ်သာလန်ဆီက F-16 တိုက်လေယာဉ် ၁၈ စီးကို ငွေသား ၁ ယူရိုနဲ့ ဝယ်ယူခဲ့ကြောင်း သိရပါတယ်။
ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီး အီယွန်နတ် မူစ်တန်နူက နယ်သာလန် အစိုးရဆီကနေ F-16 တိုက်လေယာဉ်တွေနဲ့ အပိုပစ္စည်းတွေ လက်လွှဲဝယ်ယူမှု သဘောတူ စာချုပ်အကြောင်း Facebookပေါ်မှာ တင်ထားခဲ့ပါတယ်။ တကယ်တော့ NATO စစ်မဟာမိတ် နိုင်ငံအချင်းချင်း လက်နက်လွှဲပြောင်းပေးတဲ့ အဓိပ္ပါယ် ဖြစ်ပေမယ့်လည်း လုပ်ထုံးလုပ်နည်းအရ အရောင်းအဝယ် စာချုပ်ခဲ့ပြီး တိုက်လေယာဉ် ၁၈ စီးအတွက် ၁ ယူရိုငွေနဲ့ ဝယ်ယူခဲ့တဲ့အကြောင်း မူစ်တန်နူက ဆိုပါတယ်။
အဲဒီ တိုက်လေယာဉ်တွေကို ဖီတက်စ်တီ လေကြောင်း လေ့ကျင့်ရေး စင်တာမှာ ထားရှိပြီး လေ့ကျင့်ရေး ရည်ရွယ်ချက် သီးသန့်အတွက် အသုံးပြုမယ်လို့လည်း မူစ်တန်နူက ပြောပါတယ်။ ဒါဟာ လေ့ကျင့်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနဲ့ အနာဂတ် မစ်ရှစ်တွေအတွက် ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှုလို့ သူက မှတ်ချက်ပေးထားပါတယ်။
နယ်သာလန်ဆီက တိုက်လေယာဉ်တွေကို ၁ ယူရိုနဲ့ ဝယ်ယူခဲ့တဲ့နောက် ရိုမေးနီးယားဟာ ယူကရိန်း လေယာဉ်မှူးတွေကို အဲဒီလေယာဉ်တွေအတွက် လေ့ကျင့် ပျံသန်းပေးမယ့် တာဝန်ကိုလည်း မျှယူရမှာ ဖြစ်ပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်ကတော့ ယူရို ၂၁ သန်းလောက် ရှိနိုင်ပြီး ရိုမေးနီးယား အစိုးရက စိုက်ထုတ်ပေးရမှာပါ။

Public Service Announcement
အမေရိကန်က ထုတ်လုပ်တဲ့ စတုတ္ထမျိုးဆက် အပေါ့စား F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လက်လွှဲပေးဖို့ NATO အဖွဲ့ဝင် နိုင်ငံတချို့က ၂၀၂၃ ခုနှစ်မှာ ဆုံးဖြတ်ခဲ့ကြပါတယ်။ အခုအခါ F-16 တိုက်လေယာဉ်တွေဟာ ယူကရိန်း လေတပ်အတွက် စတင် တာဝန်ထမ်းဆောင်နေကြပါပြီ။
F-16တွေအတွက် လေယာဉ်မှူးတွေကို စဉ်ဆက်မပျက် လေ့ကျင့်ပေးဖို့ လိုအပ်ပြီး အဲဒီတာဝန်ကိုတော့ NATO နိုင်ငံတွေက မျှဝေယူထားရပါတယ်။ ခြုံငုံကြည့်မယ်ဆိုရင် အခု သဘောတူညီမှုဟာ ရိုမေးနီးယားက ယူကရိန်း လေယာဉ်မှူးတွေကို လေ့ကျင့်ပေးနိုင်အောင် နယ်သာလန်က တိုက်လေယာဉ် ၁၈ စီး လက်လွှဲပေးလိုက်တဲ့ အဓိပ္ပါယ် ဖြစ်ပါတယ်။
Politico မဂ္ဂဇင်းရဲ့ ဖော်ပြချက်အရ ယူကရိန်း အစိုးရဟာ F-16 တိုက်လေယာဉ်မှူးတွေကို လက်ရှိ လေ့ကျင့်ပေးနေတဲ့ မြန်နှုန်းက နှေးကွေးနေဆဲ ဖြစ်တာကြောင့် အဲဒီ အစီအမံတွေကို ပိုမို ချဲ့ထွင်ပေးဖို့ အမေရိကန်နဲ့ အနောက်မဟာမိတ် နိုင်ငံတွေကို တောင်းဆိုထားကြောင်း သိရပါတယ်။
ဘယ်လ်ဂျီယမ်ဟာ အမေရိကန်လုပ် နောက်ဆုံး မျိုးဆက် F-35 တိုက်လေယာဉ်တွေကို စတင်လက်ခံ ရရှိလာတဲ့နောက် ၂၀၂၆ နှစ်ဆန်းပိုင်းလောက်ကျရင် F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ လွှဲပြောင်းပေးဖို့လည်း စီစဉ်နေပါတယ်။
F-35တွေကို ဘယ်လ်ဂျီယမ်က လောလောလတ်လတ်မှ လက်ခံရရှိထားတာဖြစ်ပြီး စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်ဖို့ ပြင်ဆင်ချိန် လိုအပ်တဲ့အတွက် ရှိရင်းစွဲ F-16 တိုက်လေယာဉ်တွေကို ယူကရိန်းဆီ ချက်ချင်း လွှဲပေးနိုင်ဦးမှာ မဟုတ်ဘူးလို့ ဘယ်လ်ဂျီယမ် ကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားထားပါတယ်။
ကိုးကား: Oreanda


















































