Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရိုမေးနီးယားမှာ ဒရုန်းပျက်ကျမှုအတွက် ရုရှားကို NATO အပြင်းအထန် ဝေဖန်၊ ရုရှားဒရုန်း မဟုတ်ဘူးလို့ ပူတင်တုံ့ပြန်

ရုရှားဒရုန်း ပျက်ကျလို့ ရိုမေးနီးယားမှာ အဆောက်အအုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရုရှားဒရုန်း ပျက်ကျလို့ ရိုမေးနီးယားမှာ အဆောက်အအုံ မီးလောင်ပြီး လူ ၂ ဦး ဒဏ်ရာရခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး NATO စစ်မဟာမိတ် အဖွဲ့က ရုရှားကို ပြင်းပြင်းထန်ထန် ဝေဖန် ရှုတ်ချခဲ့ပါတယ်။

မေလ ၂၉ ရက် မနက် အစောပိုင်းက ရိုမေးနီးယား အရှေ့ပိုင်း၊ ယူကရိန်းနဲ့ နယ်စပ်နားမှာရှိတဲ့ ဂါလာတီ မြို့ပေါ်က လူနေ တိုက်တစ်လုံးပေါ်ကို ရုရှားဒရုန်း ပျက်ကျခဲ့တာပါ။ ဒရုန်းမှာ တင်ဆောင်လာတဲ့ ခဲယမ်းတွေကပါ ပေါက်ကွဲခဲ့တာကြောင့် အဆောက်အအုံရဲ့ ၁၀ လွှာမှာ မီးလောင်ပြီး လူတွေပါ ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။

ရိုမေးနီးယားဟာ NATO အဖွဲ့ဝင် နိုင်ငံတစ်ခု ဖြစ်တာကြောင့် အခုကိစ္စဟာ NATOရဲ့ နယ်နိမိတ်က ထိပါးခံရတဲ့ အဓိပ္ပါယ်မျိုးလည်း သက်ရောက်လာပါတယ်။ NATO အဖွဲ့က ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရုရှားကို ဝေဖန် ရှုတ်ချခဲ့သလို ယူကရိန်းကလည်း ရုရှားဟာ ဥရောပကို ဘယ်လောက်တောင် ခြိမ်းခြောက် အနှောင့်အယှက် ပေးနိုင်သလဲဆိုတာ မြင်သာစေတဲ့ အခြေအနေ တစ်ခုလို့ ထုတ်ပြန်ခဲ့ပါတယ်။

ရိုမေးနီးယား သမ္မတ နီကူဆာ ဒန်က ရုရှားဒရုန်းဟာ ယူကရိန်း လေကြောင်းကာကွယ်ရေး စနစ်တစ်ခုခုရဲ့ ပစ်ချခြင်းကို ခံခဲ့ရတာ ဖြစ်နိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။ အကျိုးဆက်အဖြစ် လမ်းကြောင်းပြောင်းပြီး ရိုမေးနီးယားဖက်ခြမ်း နယ်စပ်ဆီ ပျက်ကျခဲ့တာလို့ သူက ယုံကြည်နေပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားဟာ ယူကရိန်း ပိုင်နက်ထဲကို ဒရုန်းတွေ ပစ်လွှတ် တိုက်ခိုက်ရာမှာ ပတ်ဝန်းကျင်က NATO အဖွဲ့ဝင် နိုင်ငံတွေရဲ့ လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်မိတဲ့ ဖြစ်စဉ်တွေ အရင်ကလည်း ရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ရုရှားဒရုန်းကြောင့် ရိုမေးနီးယားမှာ အရပ်သား ပြည်သူတွေ ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေထိ ကြုံခဲ့တာကတော့ အခုတစ်ကြိမ် ပထမဆုံး ဖြစ်လာပါတယ်။

NATOရဲ့ အတွင်းရေးမှူးချုပ် မတ်ခ်ရူတေးက သမ္မတ ဒန်နဲ့ ဖုန်းပြောခဲ့သလို အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုရှားရဲ့ စည်းလွတ်ဘောင်လွတ် လုပ်ဆောင်မှုကို ရှုတ်ချကြောင်း ပြောပါတယ်။ ဒါ့အပြင် NATOဟာ မဟာမိတ် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ပိုင်နက်နယ်မြေကို တစ်လက်မတောင် အထိပါး မခံရတာ သေချာအောင် အစွမ်းကုန် လုပ်ဆောင်သွားမယ်လို့လည်း ရူတေးက ကြွေးကြော်ခဲ့ပါတယ်။ NATOဟာ ဒရုန်းတွေ အပါအဝင် ခြိမ်းခြောက်မှု နည်းလမ်း မှန်သမျှကို တားဆီးနိုင်တာ သေချာအောင်၊ အသင့်ဖြစ်နေအောင် ဆက်လက် လုပ်ဆောင်သွားမယ်လို့ သူက ဆိုပါတယ်။

နိုင်ငံ လေပိုင်နက်ထဲ ဒရုန်းတွေ ဝင်ရောက်လာတာကို ထောက်လှမ်းမိတဲ့နောက် F-16 တိုက်လေယာဉ် နှစ်စီးကို အရေးတကြီး ပျံတက်စေခဲ့ကြောင်းလည်း ရိုမေးနီးယား ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလီယန်ကလည်း ရုရှားရဲ့ ရန်လိုကျူးကျော်မှုတွေဟာ နောက်ထပ် စည်းကျော်မှုတစ်ခုဆီ ဦးတည်ခဲ့တာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီး အန်ဒရီ ဆိုင်ဘီဟာက အခုဖြစ်ရပ်ဟာ ရုရှားက ဥရောပအပေါ် ဘယ်လောက်ထိ ခြိမ်းခြောက်နိုင်သလဲဆိုတဲ့ နောက်ထပ် သက်သေတစ်ခုလို့ ပြောပါတယ်။ ရုရှားရဲ့ ရန်လိုမှုတွေဟာ ပင်လယ်နက် ဒေသအတွက် စစ်မှန်တဲ့ စိုးရိမ်စရာမျိုး ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။

သမ္မတဒန်ဟာ အခုဖြစ်စဉ် အပြီးမှာ အခင်းဖြစ်ရာ ဂါလာတီမြို့ထိ ကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ သူက ဒရုန်း ၄၃ စီးဟာ အရှေ့ဖက်ကနေ ပျံသန်းလာခဲ့တာ ဖြစ်ကြောင်း၊ တချို့ကို ယူကရိန်း လေကြောင်း ကာကွယ်ရေး စနစ်တွေက ပစ်ချခဲ့ပြီး အဲဒီထဲက တစ်စီးဟာ လမ်းကြောင်းပြောင်းပြီး ဂါလာတီဖက် ရောက်လာခဲ့ဟန်ရှိကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဒီကိစ္စကို ဆန့်ကျင်တဲ့ အနေနဲ့ ပင်လယ်နက် ဆိပ်ကမ်းမြို့ ကွန်စတန်တာမှာ ဖွင့်လှစ်ထားတဲ့ ရုရှား ကောင်စစ်ဝန်ရုံးကို ပိတ်ခိုင်းပြီး ကောင်စစ်ဝန်ကို နှင်ထုတ်မယ်လို့လည်း ဒန်က ဆက်ပြောပါတယ်။ ရုရှားကတော့ ဒီလုပ်ရပ်အတွက် အချိန်မဆိုင်းဘဲ တုံ့ပြန်မယ်လို့ သတိပေးထားပါတယ်။

NATOနဲ့ ယူကရိန်းတို့က ရိုမေးနီးယားက ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရုရှားအပေါ် ဝေဖန်ရှုတ်ချထားပေမယ့်လည်း ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကတော့ ဒီကိစ္စဟာ ရုရှားနဲ့ ဘာမှ မပတ်သက်ကြောင်း ပြောပါတယ်။ သတင်းထောက်တွေက ရိုမေးနီးယားမှာ ရုရှားဒရုန်း ပျက်ကျခဲ့တယ်ဆိုတဲ့ ကိစ္စကို မေးမြန်းတဲ့အခါ ပူတင်က အရင်ကလည်း ပိုလန်နဲ့ ဘောလ်တစ် ဒေသတွင်း နိုင်ငံတွေမှာ ယူကရိန်း ဒရုန်းတွေ ပျံသန်းတာ ရှိခဲ့ဖူးကြောင်း၊ ပထမတော့ ရိုမေးနီးယားက ကိစ္စဟာ ရုရှားနဲ့ ပတ်သက်မယ်လို့ သူယူဆခဲ့ပေမယ့် သိပ်မကြာခင်မှာပဲ ရုရှားဒရုန်း မဟုတ်ဘူးဆိုတာ သိလာခဲ့ကြောင်း ပြန်ဖြေသွားပါတယ်။

နောက်ပြီး ရုရှားက နောက်တစ်ကြိမ် စည်းကျော်လာပြန်ပြီလို့ စွပ်စွဲခဲ့တဲ့ ဗွန်ဒါလီယန်ရဲ့ စကားနဲ့ ပတ်သက်ပြီးလည်း ပူတင်က အဲဒီအမျိုးသမီးဟာ ဒရုန်းအပျက်အစီးတွေကို ကိုယ်တိုင် သွားစစ်ထားတာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ NATO ပြောရေးဆိုခွင့်ရ အရာရှိကတော့ အဲဒီဒရုန်းဟာ ရုရှားဆီက ဖြစ်တယ်လို့ ထပ်လောင်း ပြောကြားသွားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှားနိုင်ငံ၊ မော်စကို မြို့တော်မှာ လက်လုပ်ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လူ ၃ ဦး သေဆုံးပြီး ၂၁ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

သတင်း

နိုင်ငံပိုင်နက်ထဲ ဒုံးကျည် ကျရောက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပိုလန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ရုရှား သံအမတ်ကို ဆင့်ခေါ်ပြီး ကန့်ကွက်ခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ပိုလန်နိုင်ငံ ပိုင်နက်ထဲ ကျရောက်ခဲ့တဲ့ စစ်လက်နက်ဟာ ရုရှားရဲ့ ခရုစ်ဒုံးကျည် တစ်စင်း ဖြစ်ဖွယ်ရှိကြောင်း ပိုလန် အစိုးရက ပြောပါတယ်။