Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လက်နက်မဲ့ အရပ်သားတွေကို ပစ်သတ်ဖို့ အမိန့်မပေးခဲ့ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ငြင်းဆို

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း သူ့အပေါ် စွပ်စွဲချက်တွေက မမှန်ကန်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ငြင်းဆိုသွားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း သူ့အပေါ် စွပ်စွဲချက်တွေက မမှန်ကန်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာက ငြင်းဆိုသွားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်က ပြည်တွင်း လူထုအုံကြွမှုတွေကြောင့် နိုင်ငံကနေ ထွက်ပြေးခဲ့ရတဲ့ သက်တော်ရှည် ဝန်ကြီးချုပ်ဟောင်းကို အသစ်တက်လာတဲ့ ကြားဖြတ် အစိုးရက မျက်ကွယ်မှာ စွဲချက်တွေ တင်ထားပါတယ်။ ဟာဆီနာဟာ အဲဒီတုန်းက အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြသူတွေကို လုံခြုံရေး တပ်ဖွဲ့တွေက အင်အားသုံးပြီး ရက်ရက်စက်စက် ဖြိုခွင်းအောင် အမိန့်ပေးခဲ့ကြောင်း စွပ်စွဲခံထားရပါတယ်။

အဲဒီအတွက် သူဟာ လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှု ကျူးလွန်ကြောင်း စွဲချက်တင်ခံထားရပြီး တရားရုံးရဲ့ မျက်ကွယ် စီရင်ချက် မချမှတ်ခင် ရက်ပိုင်းအလို BBCနဲ့ အင်တာဗျူးမှာ ဟာဆီနာက စွဲချက်ကို ငြင်းဆိုခဲ့တာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်၊ ဩဂုတ် ၅ ရက်နေ့မှာ ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ပြေးခဲ့ရတဲ့နောက်ပိုင်း ပထမဆုံး BBCနဲ့ အင်တာဗျူးမှာတော့ ဟာဆီနာက မျက်ကွယ်မှာ စီရင်စစ်ဆေးနေတဲ့ တရားခွင်ဟာ သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေက ထိန်းချုပ်ထားတဲ့ အတုအယောင် မျက်နှာစာ တစ်ခုသာ ဖြစ်တယ်လို့ စွပ်စွဲသွားပါတယ်။ အဲဒီတရားခွင်ကပဲ နိုဝင်ဘာ ၁၇ ရက်နေ့ကျရင် ဟာဆီနာအတွက် စီရင်ချက်ကို ချမှတ်ဖို့ ရှိနေပါတယ်။

Public Service Announcement

Public Service Announcement

အစိုးရ ရှေ့နေတွေကတော့ ဟာဆီနာဟာ ပြစ်မှုထင်ရှားတာ သေချာရင် သေဒဏ်စီရင် ချမှတ်ပေးဖို့ တရားသူကြီးကို တိုက်တွန်း တောင်းဆိုထားပါတယ်။ ဟာဆီနာကတော့ အဲဒီ တရားခွင်ဟာ စစ်ဆေးမှုတွေ မစတင်ခင် ကတည်းက စီရင်ချက် ချထားနှင့်ပြီးသား ဖြစ်နေတယ်လို့ ပြောပါတယ်။

အထူးခုံရုံးဖွဲ့ စစ်ဆေးမှုရဲ့ စီရင်ချက် မတိုင်ခင် ရက်ပိုင်းအလို ကတည်းက မြို့တော် ဒါကာမှာ လုံခြုံရေး အထူးတင်းကျပ်ထားကြောင်း ဒေသခံတွေက ပြောပါတယ်။

ဟာဆီနာ အစိုးရရဲ့ အငြင်းပွားစရာ အလုပ်အကိုင် ခွဲတမ်းမူဝါဒ တစ်ခုကို ကျောင်းသား လူငယ်တွေ ဦးဆောင်ပြီး ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြခဲ့ပေမယ့် လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့နောက် အကြီးစား အဓိကရုဏ်းကြီး တစ်ခုအသွင် ပြောင်းလဲသွားခဲ့တာ ဖြစ်ပါတယ်။ အုံကြွမှုတွေအတွင်း ဟာဆီနာနဲ့ သူ့အစိုးရက စနစ်တကျ ရည်ရွယ် ကြံဆောင်ထားတဲ့ ဖြိုခွင်းမှုတွေကြောင့် လူပေါင်း ၁၄၀၀ လောက်ထိ သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်းမှု အရာရှိတွေက ကောက်ချက်ချထားပါတယ်။

ဟာဆီနာကတော့ အခြေအနေတွေဟာ သူထိန်းချုပ်လို့ မရတော့တဲ့ထိ ဖြစ်သွားခဲ့တယ်၊ လူ့အသက်တွေ မလိုအပ်ဘဲ စတေးခဲ့ရတယ်ဆိုတဲ့ အချက်တွေကို မငြင်းလိုကြောင်း၊ ဒါပေမဲ့ လက်နက်မဲ့ အရပ်သားတွေကို ပစ်သတ်ပါလို့တော့ သူဘယ်တုန်းကမှ အမိန့်မပေးခဲ့ကြောင်း BBCကို ပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ ပေါက်ကြားထွက်ပေါ်လာတဲ့ ဖုန်းအသံဖိုင် တစ်ခုမှာတော့ ၂၀၂၄ ဇူလိုင်လတုန်းက ဟာဆီနာဟာ ဆန္ဒပြမှုတွေကို ဖြိုခွင်းဖို့ လူကို သေစေနိုင်တဲ့ လက်နက်တွေ ထုတ်သုံးနိုင်ကြောင်း အမိန့်ပေး ခွင့်ပြုထားခဲ့ဖူးပါတယ်။ တရားခွင်မှာလည်း အဲဒီ အသံဖိုင်ကို အစိုးရ ရှေ့နေတွေက တင်ပြခဲ့ပါတယ်။

ဟာဆီနာဟာ အခုနှစ် ဇူလိုင်လမှာ ပြည်ထဲရေး ဝန်ကြီးဟောင်း အဆာဒူဇာမန် ခန်ကာမဲလ်၊ ရဲစုံထောက် မဟာမင်းကြီး ချောင်ဒူရီ အက်ဘ်ဒူလာ အယ်လ်မာမွန်တို့နဲ့အတူ စွဲချက်တင်ခံခဲ့ရတာ ဖြစ်ပါတယ်။ လောလောဆယ် ခန်ကာမဲလ်က ပုန်းရှောင်နေပြီး သူ့ကို သေဒဏ်ချဖို့ အစိုးရ ရှေ့နေတွေက တောင်းဆိုထားပါတယ်။ အယ်လ်မာမွန်ကတော့ စွဲချက်တွေအတွက် အပြစ်ရှိတယ်လို့ တရားရုံး ဆုံးဖြတ်တာ ခံထားရပြီး ပြစ်ဒဏ်တော့ မချရသေးပါဘူး။

အိန္ဒိယနိုင်ငံဆီ ထွက်ပြေးခဲ့တဲ့ ဟာဆီနာကတော့ အဲဒီတရားခွင်မှာ သူဟာ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ခွင့်၊ ကိုယ့်စိတ်ကြိုက် ရှေ့နေတွေ ရွေးချယ် တာဝန်ပေးခွင့် ဘာတစ်ခုမှ မရဘူးလို့ ပြောပါတယ်။ နိုင်ငံရေး ပြိုင်ဘက်တွေက သူ့ကို လုံးဝ နာလန်မထူနိုင်အောင် နောက်ကောက်ချဖို့ရော၊ သူ့ရဲ့ နိုင်ငံရေးပါတီဖြစ်တဲ့ အေဝါမီ အဖွဲ့ချုပ်ကိုပါ လုံးဝ ဖြိုခွဲပစ်ဖို့ပါ ကြံစည်နေတာလို့ ဟာဆီနာက စွပ်စွဲခဲ့ပါတယ်။ အေဝါမီ အဖွဲ့ချုပ်ဟာ ဖေဖော်ဝါရီမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲမှာလည်း ပါဝင်ခွင့် ပိတ်ပင် ခံထားရပါတယ်။

ဟာဆီနာဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထူထောင်သူ သမ္မတဟောင်း ရှိတ်ခ်မူဂျီဘာ ရာမန်ရဲ့ သမီးပါ။ သူဟာ မတူညီတဲ့ သက်တမ်း နှစ်ကြိမ်အတွင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်အဖြစ် နှစ်ပေါင်း ၂၀ ဝန်းကျင်လောက် အုပ်ချုပ်ခဲ့ဖူးပါတယ်။ အစောပိုင်းက သူဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ချန်ပီယံ တစ်ဦးလို့ တင်စားခံရပေမယ့် နောက်ပိုင်းမှာတော့ နိုင်ငံရေး အတိုက်အခံတွေကို ဖိနှိပ်ပြီး အာဏာရှင်ဆန်တဲ့ဖက်ကို ဦးတည် လမ်းကြောင်းပြောင်းသွားကြောင်း စွပ်စွဲမှုတွေကိုလည်း ကြုံခဲ့ရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၅.၅ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာက အနည်းဆုံး ၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူတွေလည်း ရှိခဲ့ပါတယ်။

နိုင်ငံတကာ

မျက်ကွယ်မှာ သေဒဏ်စီရင် ချမှတ်တာ ခံခဲ့ရပြီးတဲ့နောက် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လွှဲပြောင်းပေးဖို့ အိန္ဒိယကို ဘင်္ဂလားဒေ့ရှ် အစိုးရက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

ပြည်ပကို ထွက်ပြေးတိမ်းရှောင်နေသူ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာကို ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုက မျက်ကွယ်မှာ သေဒဏ် ချမှတ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် နိုင်ငံရဲ့ ဒါကာမြို့တော် နိုင်ငံတကာ လေဆိပ်မှာ မီးလောင်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လေကြောင်း ခရီးစဉ် တချို့ ဆိုင်းငံ့ခံရတာ၊ ဖျက်သိမ်းခံရတာမျိုး အခြေအနေတွေ ကြုံခဲ့ပါတယ်။