Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘရာဇီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ်လို့ သမ္မတဟောင်း ဘော်လ်ဆိုနာရိုရဲ့သား အတည်ပြု

ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ သားဖြစ်သူက သမ္မတနေရာအတွက် ရွေးကောက်ပွဲ ဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဘရာဇီး သမ္မတဟောင်း ဂျဲရ် ဘော်လ်ဆိုနာရိုရဲ့ သားဖြစ်သူက သမ္မတနေရာအတွက် ရွေးကောက်ပွဲ ဝင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

ဘော်လ်ဆိုနာရိုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ဖလာဗီယို ဘော်လ်ဆိုနာရိုက ဖခင်ဖြစ်သူရဲ့ ဆန္ဒအတိုင်း နိုင်ငံရေး အစုအဖွဲ့ကို ဦးဆောင်ပြီး ၂၀၂၆ ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။ သမ္မတဟောင်း ဘော်လ်ဆိုနာရိုကတော့ အာဏာသိမ်းဖို့ ကြံစည်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပြီးခဲ့တဲ့လကစပြီး ထောင်ဒဏ် ၂၇ နှစ် ကျခံနေရပါတယ်။

သူ့အပေါ် သီးခြားစွပ်စွဲချက် တစ်ခုအရ လက်ယာစွန်း နိုင်ငံရေးသမား ဘော်လ်ဆိုနာရိုဟာ ၂၀၃၀ ပြည့်နှစ်ထိ ရွေးကောက်ပွဲ ဝင်ခွင့်လည်း မရှိပါဘူး။ အခုတော့ သားဖြစ်တဲ့ ဖလာဗီယိုက ဖခင်ကိုယ်စား ရွေးကောက်ပွဲဝင်မယ့် သဘောပါပဲ။

ဘရာဇီးက ပိုင်ဆိုင်ခဲ့ဖူးသမျှ ကျင့်ဝတ်ပိုင်းအရ၊ နိုင်ငံရေးအရ အထူးကဲဆုံး ခေါင်းဆောင် ဖြစ်ခဲ့တဲ့ သူ့ဖခင်က နိုင်ငံရေး ပရောဂျက်နဲ့ ပတ်သက်လို့ သူ့ဆီ ယုံယုံကြည်ကြည် တာဝန် အပ်နှင်းခဲ့တာကို အထူးဂုဏ်ယူမိကြောင်း အထက်လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဖလာဗီယိုက လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

သူ့ရဲ့ ရုံးအဖွဲ့ကလည်း ဖလာဗီယိုဟာ ၂၀၂၆ ရွေးကောက်ပွဲကျရင် သမ္မတ လူးဝစ်ဇ် အင်နာရှို လူလာ ဒါဆေးလ်ဗား ဦးဆောင်တဲ့ လက်ရှိ အာဏာရ အစုအဖွဲ့ကို စိန်ခေါ်သွားမှာ ဖြစ်တယ်လို့ အတည်ပြု ထုတ်ပြန်ခဲ့ပါတယ်။

ဖလာဗီယိုဟာ သက်တမ်း ၈ နှစ်ရှိတဲ့ အထက်လွှတ်တော်အမတ် နေရာအတွက် ၂၀၁၈ ခုနှစ်မှာ ရွေးကောက် ခံခဲ့ရပါတယ်။ ရီယိုဒီဂျနေရိုး ကိုယ်စားပြု လွှတ်တော်အမတ်ဟာ မိသားစုရဲ့ နိုင်ငံရေး ရုံးတွေနဲ့ ဆက်စပ်တဲ့ ငွေကြေး အလွဲသုံးစားမှု စွပ်စွဲချက်တွေကိုလည်း ရင်ဆိုင်ခဲ့ရဖူးပါတယ်။ သူ့ကို အစိုးရ ရှေ့နေတွေက စွဲချက်တင်ခဲ့ပေမယ့် တရားရုံးကတော့ အမှုကို ပယ်ချခဲ့ပါတယ်။ ဖလာဗီယိုက သူဟာ ဘာအမှားမှ မကျူးလွန်ခဲ့ကြောင်း ငြင်းဆိုခဲ့ပါတယ်။

အစောပိုင်းတုန်းက ဆာအိုပေါ်လို အုပ်ချုပ်ရေးမှူး တာဆစ်ရှိုဒီ ဖရိုင်းတက်စ်ဟာ ဘော်လ်ဆိုနာရိုရဲ့ အရိုက်အရာကို ဆက်ခံမယ့်သူအဖြစ် အတော်လေး ရေပန်းစားခဲ့ပေမယ့် သမ္မတဟောင်းရဲ့ အတွင်းစည်းထဲမှာ သူ့ကို မလိုလားတဲ့ ပုဂ္ဂိုလ်တွေ ရှိနေခဲ့တယ်လို့လည်း သိရပါတယ်။

လောလောဆယ် အကျဉ်းခန်း သံတိုင်တွေနောက်ကို ရောက်နေတဲ့တိုင်ဟောင်း သမ္မတဟောင်း ဘော်လ်ဆိုနာရိုဟာ ဘရာဇီးရဲ့ ဩဇာအကြီးဆုံး နိုင်ငံရေးသမား တစ်ဦးအဖြစ် ဆက်လက် ရပ်တည်နေဆဲ ဖြစ်ပါတယ်။

ကိုးကား: NBC

ဆက်စပ်သတင်းများ