Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆစ်ဒနီက ဘွန်ဒီကမ်းခြေ ပစ်ခတ်မှု ကျူးလွန်သူတွေဟာ သားအဖတွေလို့ ထုတ်ပြန်

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဘွန်ဒီ အပန်းဖြေ ကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာဟာ သားအဖနှစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

ဓာတ်ပုံ - EPA

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဘွန်ဒီ အပန်းဖြေ ကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာဟာ သားအဖနှစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ ဒီဇင်ဘာ ၁၄ ရက်နေ့ ပစ်ခတ်မှုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၁၀ နှစ်အရွယ် မိန်းကလေးငယ် တစ်ဦးအပါအဝင် စုစုပေါင်း ၁၅ ဦးထိ မြင့်တက်လာတယ်လို့လည်း သိရပါတယ်။ သေနတ်သမား နှစ်ဦးထဲက တစ်ဦးလည်း သေဆုံးခဲ့ပါတယ်။

သေနတ်သမားတွေထဲက အသက် ၅၀ အရွယ် ဖခင်ဖြစ်သူဟာ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးခဲ့ပြီး ၂၄ နှစ်အရွယ် သားဖြစ်သူလည်း အပြင်းအထန် ဒဏ်ရာရထားတယ်လို့ ရဲတွေက ဆိုပါတယ်။

ဆေးရုံတက်နေရတဲ့ သားဖြစ်သူ သေနတ်သမားရဲ့ ကျန်းမာရေး အခြေအနေ ပြန်လည် ကောင်းမွန်လာရင် ပြင်းထန်တဲ့ ရာဇဝတ်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်ရဖွယ် ရှိကြောင်းလည်း အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အမှုကိုတော့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေဆဲပါ။

Public Service Announcement

Public Service Announcement

သားအဖ နှစ်ယောက်ဟာ ဘွန်ဒီ ကမ်းခြေမှာ ကျင်းပနေခဲ့တဲ့ ဂျူးရိုးရာ ပွဲတော်တစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ထဲက တစ်ဦးကိုတော့ အနီးမှာရှိနေတဲ့ မွတ်ဆလင် အမျိုးသား တစ်ဦးက အငိုက်ဖမ်း ချုပ်နှောင်ပြီး လက်နက်ကိုပါ လုယူနိုင်ခဲ့ပါတယ်။

ရဲတွေရဲ့ အဆိုအရ အသက် ၅၀ အရွယ် သေဆုံးသူ သေနတ်သမားဟာ အပျော်တမ်း အမဲလိုက် လိုင်စင်အတွက် သေနတ်ဝယ်ယူ ကိုင်ဆောင်ခွင့် ရထားတယ်လို့ သိရပါတယ်။ ပြီးတော့ သူဟာ သေနတ်ပစ် အားကစား ကလပ်တစ်ခုရဲ့ အဖွဲ့ဝင်လည်း ဖြစ်နေပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ဝန်ကြီးချုပ် ခရစ္စမင်းစ်က အခုဖြစ်ရပ်အပြီး ပြည်နယ်ရဲ့ လက်နက်ကိုင်ဆောင်ခွင့်ဆိုင်ရာ ဥပဒေတွေကို ပြောင်းလဲဖို့ အချိန်တန်လာပြီလို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်ကိုတော့ မှတ်ချက် မပေးခဲ့ပါဘူး။

ဩစတြေးလျ ဝန်ကြီးချုပ် အန်တိုနီယို အယ်လ်ဘန်နိစ်က ဒီတိုက်ခိုက်မှုဟာ အပြစ်မဲ့ ဂျူးလူ့အဖွဲ့အစည်းကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားခဲ့တဲ့ ဆိုးယုတ်ရက်စက်လှတဲ့ လုပ်ရပ်မျိုးလို့ စွပ်စွဲ ပြောကြားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အခုကိစ္စကို ဂျူးဆန့်ကျင်ရေး ဝါဒအခြေခံ အကြမ်းဖက် တိုက်ခိုက်မှုအဖြစ် သတ်မှတ်ပြီး ကိုင်တွယ် စုံစမ်းနေပါတယ်။ ပစ်ခတ်မှု ဖြစ်ပွားခဲ့တဲ့ နေရာတဝိုက်ကိုတော့ လောလောဆယ် ပိတ်ထားပြီး အနီးမှာတော့ သေဆုံးသူတွေအတွက် ရည်ရွယ်ပြီး ဒေသခံတွေက အမှတ်တရ ပန်းစည်းတွေ လာချနေတာကို တွေ့ရပါတယ်။

ပစ်ခတ်မှုမှာ သေနတ်သမားတစ်ဦး အပါအဝင် စုစုပေါင်း ၄၃ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာ ရခဲ့သူတွေအတွက် အရေးပေါ် သွေးလိုအပ်မှုကြောင့် ဆစ်ဒနီမှာ ကူညီ သွေးလှူဒါန်းကြဖို့ တိုက်တွန်း နှိုးဆော်နေပါတယ်။

ဂျူးနိုင်ငံဖြစ်တဲ့ အစ္စရေးက အခုဖြစ်ရပ်နဲ့ ပတ်သက်လို့ ကြေညာချက် ထုတ်ပြန်ရာမှာ ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဩစတြေးလျမှာ ဂျူးဆန့်ကျင်ရေး သဘောတရားတွေ ဖြန့်ဝေနေတဲ့ လုပ်ရပ်တွေအပေါ် ဝန်ကြီးချုပ် အယ်လ်ဘန်နိစ်ရဲ့ အစိုးရက ထိထိရောက်ရောက် ဟန့်တားမှု မရှိခဲ့ကြောင်း စွပ်စွဲထားပါတယ်။ သူက ဘွန်ဒီကမ်းခြေ တိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ပြီး သေနတ်သမား တစ်ယောက်ဆီက လက်နက်ကို လုယူခဲ့သူကိုတော့ ရဲရင့်တဲ့ မွတ်ဆလင် အမျိုးသားတစ်ဦး၊ သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူးသွားခဲ့ပါတယ်။

ကိုးကား: Guardian

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ အသေခံ ကားဗုံးခွဲမှုနဲ့ နောက်ဆက်တွဲ အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရဲ ၁၅ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

ရှမ်းပြည်တောင်ပိုင်းနဲ့ ကရင်နီပြည်ဒေသအစပ် မိုးဗြဲဒေသမှာ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ဖြစ်စဥ်ကို စုံစမ်းစစ် ဆေးရေးအဖွဲ့ ဖွဲ့စည်းလိုက်တယ်လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့က မေလ ၁ရက်မှာ ပူးတွဲထုတ်ပြန်ပါတယ်။