Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆစ်ဒနီ ကမ်းခြေကပစ်ခတ်မှုမှာသေနတ်သမားဆီ လက်နက်ကိုဝင်လုခဲ့တဲ့ အာဂ အမျိုးသား

ဒီဇင်ဘာ-၁၅၊၂၀၂၅။People’s Spring

ဩစတြေးလျနိုင်ငံ၊ ဘွန်ဒီကမ်းခြေက လူ ၁၆ ဦး သေဆုံးတဲ့ ပစ်ခတ်မှုမှာ သေနတ်သမားကို ဝင်လုံးပြီး သေနတ်လုယူခဲ့တဲ့ အမျိုးသားဟာ သူရဲကောင်း တစ်ယောက်အဖြစ် ချီးကျူးဂုဏ်ပြု ခံနေရပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုတွေထဲမှာတော့ အင်္ကျီအဖြူရောင် ဝတ်ထားတဲ့ အမျိုးသားဟာအနက်ရောင်ဝတ် သေနတ်သမား တစ်ယောက်ရဲ့အနောက်ဖက်ကနေအငိုက်ဖမ်းချဉ်းကပ် တိုက်ခိုက်ပြီးပြောင်းတိုသေနတ်ကိုလုယူခဲ့သလို သေနတ်သမားကို ချိန်ရွယ်ထားခဲ့တာ တွေ့ရပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့က ဘွန်ဒီကမ်းခြေမှာ ဂျူးလူမျိုးတွေရဲ့ ဟန်နူကာ ပွဲတော်ပထမနေ့ ကျင်းပနေတုန်းမှာ အသက် ၅၀ အရွယ် ဆာဂျစ် အာခရမ်နဲ့ ၂၄ နှစ်အရွယ် နာဗိဒ် အာခရမ်တို့ သားအဖက အကြမ်းဖက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဖခင်ဖြစ်တဲ့ ဆာဂျစ်ကတော့ အခင်းဖြစ်တဲ့ နေရာမှာ သေဆုံးခဲ့ပြီး နာဗိဒ်ကတော့ ရဲတွေရဲ့ ပစ်ခတ်မှုကြောင့် အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်သမားကို ဝင်ရောက်လုံးထွေးပြီး လက်နက်ကို လုယူခဲ့သူ အာဂ အမျိုးသားကတော့ အသက် ၄၀ အရွယ် မွတ်ဆလင် တစ်ဦးဖြစ်တဲ့ အာမက် အယ်လ် အာမက်ဖြစ်ပြီး လက်မောင်းနဲ့ လက်ဖျံတို့မှာ ကျည်ထိမှန်ထားတာကြောင့်ဆေးရုံတက်ကုသမှု ခံယူနေရပါတယ်။

နယူးဆောက်သ်ဝေးလ်စ် ပြည်နယ် ရဲတပ်ဖွဲ့က ဒီပစ်ခတ်မှုဟာ ဂျူးလူ့အဖွဲ့အစည်းကို ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှု တစ်ခုလို့ သတ်မှတ်ခဲ့ပါတယ်။

အကြမ်းဖက်ပစ်ခတ်​နေစဥ်​သေနတ်သမားကို လက်ဗလာနဲ့ တိုက်ခိုက်ခဲ့တဲ့ အာမက်ရဲ့မိသားစုဝင်တစ်ဦးကအာမက်ဟာကျည်နှစ်ချက် ထိမှန်ခဲ့တယ် ဆိုတာကို ဩစတြေးလျ မီဒီယာတွေဆီ အတည်ပြုခဲ့ပါတယ်။ အာမက် အနေနဲ့ အမြန်ပြန်ပြီး ဒဏ်ရာ သက်သာလာဖို့ မျှော်လင့်တယ်လို့ သူ့ရဲ့ ဝမ်းကွဲညီ မူစတာဖာက ဆိုပါတယ်။ ကလေးနှစ်ဦးရဲ့ ဖခင်ဖြစ်တဲ့ အာမက်ဟာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့တဲ့ နေရာနားမှာ သစ်သီးရောင်းနေတာပါ။ သူဟာ အန္တရာယ်များလှတဲ့ အခြေအနေမှာ ကိုယ့်အသက် အန္တရာယ်ကိုတောင် မငဲ့ဘဲ သေနတ်သမားဆီက လက်နက်ကို ဝင်လုခဲ့တာ ဖြစ်ပါတယ်။

အာမက်ရဲ့ သတ္တိရှိပြီး အချိန်တိုလေး အတွင်းမှာတင် ရွေးချယ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကိုမှတ်တမ်းတင်ထားတဲ့ ဗီဒီယိုတွေက လူမှုကွန်ရက်တွေပေါ် ပျံ့နှံ့ခဲ့ပါတယ်။အာမက်ဟာ သေနတ်သမားရဲ့ နောက်ဖက်ကနေ ချဉ်းကပ်၊ သေနတ်ကို လုယူခဲ့တဲ့နောက် ရဲတွေဆီ လက်မြှောက်ပြပြီး သူဟာ သေနတ်သမားတွေနဲ့ တစ်ဖက်တည်းမဟုတ်ကြောင်းအချက်ပေးခဲ့တာကိုလည်း ဗီဒီယိုထဲမှာ တွေ့ရပါတယ်။

အာမက်နဲ့ ထိပ်တိုက်တိုးခဲ့တဲ့ သေနတ်သမားဟာ အဲဒီနေရာကနေ ဆုတ်ခွာသွားပေမယ့် နောက်တော့ တခြားလက်နက်တစ်ခုကိုယူဆောင်ပြီးဆက်လက် ပစ်ခတ်နေခဲ့ကြောင်း ရဲတွေက ပြောပါတယ်။

ဒီဇင်ဘာ ၁၄ ရက်နေ့ည သတင်းစာ ရှင်းလင်းပွဲမှာတော့ နယူးဆောက်သ်ဝေးလ်စ် ရဲမင်းကြီး ခရစ္စမင်းစ်က တာဝန်သိ ပြည်သူတစ်ဦးရဲ့ ရဲရင့်လှတဲ့ အပြုအမူကို ချီးကျူး ဂုဏ်ပြုလိုကြောင်း ထုတ်ပြောခဲ့ပါတယ်။ အဲဒီတုန်းကတော့ ရဲတွေဟာ အာမက်ရဲ့ နာမည်ကို မကြေညာသေးပါဘူး။ မင်းစ်က အဲဒီတုန်းက အာမက်သာ ဝင်မစွက်ဖက်ဘဲ ဖာသိဖာသာ နေခဲ့မယ်ဆိုရင် နောက်ထပ် လူတွေ အများကြီး ပိုပြီး သေသွားခဲ့ဖွယ်ရှိတယ်လို့ ပြောပါတယ်။

ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်ကလည်း ကြောက်စရာ အခြေအနေဆိုးကြီးထဲမှာ အန္တရာယ်ထဲပြေးဝင်ပြီးတခြားသူတွေကိုကူညီဖို့ ကြိုးစားတဲ့ ဩစတြေးလျ ပြည်သူတွေ ရှိခဲ့တာကို သိခဲ့ရကြောင်း၊သူတို့ရဲ့ ရဲရင့်မှုကပဲလူ့အသက်တွေကို ကယ်တင်နိုင်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

ဘွန်ဒီကမ်းခြေ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ အိမ်ဖြူတော်မှာ သတင်းထောက်တွေနဲ့ စကားပြောတဲ့ အချိန်မှာ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အာမက်ကိုအလေးအနက်ချီးကျူးသွားပြီး အရမ်းလည်း လေးစားမိတယ်လို့ ဆိုပါတယ်။ အဲဒီ အမျိုးသားဟာ သိပ်ကို ရဲရင့်လွန်းကြောင်း၊ သေနတ်သမားနဲ့ထိပ်တိုက်ရင်ဆိုင်ခဲ့ပြီးအသက်တွေ အများကြီးကို ကယ်ဆယ်ခဲ့ကြောင်း ထရမ့်က ပြောပါတယ်။

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုကလည်း အာမက်ကိုအရမ်းရဲရင့်တဲ့ မွတ်ဆလင် တဦး၊ သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူး အသိအမှတ် ပြုသွားခဲ့ပါတယ်။

လောလောဆယ်မှာတော့ ဩစတြေးလျ အာဏာပိုင်တွေက ကမ်းခြေ ပစ်ခတ်မှု နောက်ဆက်တွဲ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်နေပါတယ်။ ရဲတွေဟာ သေနတ်သမားတွေရဲ့ ကားကို စစ်ဆေးခဲ့ရာမှာတော့ လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ပြီး ဖယ်ရှား ရှင်းလင်းခဲ့ရပါတယ်။ နောက်ပြီး ဘွန်နီရစ်ဂ်မှာရှိတဲ့ အာခရမ် မိသားစု နေအိမ်ကို ရဲတွေက စီးနင်းခဲ့တဲ့နောက် အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကို ထိန်းသိမ်းခဲ့ပါတယ်။

ဒါ့အပြင်ကမ်ဆီမှာသေနတ်သမားသားအဖ တည်းခိုခဲ့ဖူးတယ်လို့ ယုံကြည်ရတဲ့ အိမ်တစ်လုံးကိုလည်း ရဲတွေက ဝင်ရောက်ရှာဖွေခဲ့ပါတယ်။ ဆာဂျစ်နဲ့ နာဗိဒ်တို့ဟာဂျားဗစ်ဘေးမှာငါးသွားမျှားမယ်လို့ မိသားစုကို လိမ်လည် အသိပေးပြီး အခုလို အကြမ်းဖက်မှု ကျူးလွန်ခဲ့ကြတာ ဖြစ်ပါတယ်။ ရဲတွေရဲ့ အဆိုအရ ဆာဂျစ်ဟာ သေနတ်ကိုင်ဆောင်ခွင့် လိုင်စင် ၆ ခုထိ ရှိထားပြီး အဲဒီလိုင်စင်တွေနဲ့ ဝယ်ထားတဲ့ သေနတ်တွေကို ပစ်ခတ်မှုမှာ အသုံးပြုခဲ့တယ်လို့ ယုံကြည်ရကြောင်းလည်း သိရပါတယ်။

ကိုးကား- BBC

ဓါတ်ပုံ-Screen Grab

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ကြာအင်းဆိပ်ကြီးမြို့နယ်၊ဝါးဘိုးကုန်းရွာမှာအရပ်သူအမျိုးသမီးတစ်ဦးဇန်နဝါရီလ ၂၀ ရက်မှာစစ်ကောင်စီတပ်ရဲ့ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတယ်လို့ Phoenix - Special Warfare Force တော်လှန်ရေးတပ်ဖွဲ့ က ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံက ဘရောင်းတက္ကသိုလ် ပစ်ခတ်မှုရဲ့ အဓိက သံသယ တရားခံကို သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ ရဲတွေက ပြောပါတယ်။

နိုင်ငံတကာ

လူတွေ အစုလိုက် သေဆုံးခဲ့တဲ့ ဘွန်ဒီကမ်းခြေ အကြမ်းဖက် ပစ်ခတ်မှုကြီး အပြီးမှာတော့ ဩစတြေးလျ အစိုးရဟာ အရပ်သားတွေဆီက သေနတ်တွေကို ပြန်လည် ဝယ်ယူ သိမ်းဆည်းဖို့ စီစဉ်နေပါတယ်။

နိုင်ငံတကာ

ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့က ဘွန်ဒီ အပန်းဖြေ ကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တာဟာ သားအဖနှစ်ယောက် ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ကြေညာခဲ့ပါတယ်။