Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကို ပြန်လည်ပတ်စေဖို့ ဂျပန်စီစဉ်

ရပ်နားထားတဲ့ ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို လုပ်ငန်း ပြန်လည်ပတ်စေမယ်လို့ ဂျပန်က အတည်ပြုခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

ရပ်နားထားတဲ့ ကမ္ဘာ့အကြီးမားဆုံး နျူကလီးယား ဓာတ်အားပေး စက်ရုံကြီးကို လုပ်ငန်း ပြန်လည်ပတ်စေမယ်လို့ ဂျပန်က အတည်ပြုခဲ့ပါတယ်။

နီဂါတာမှာရှိတဲ့ ဓာတ်အားပေး စက်ရုံကြီးကို ၁၅ နှစ်လောက် လုပ်ငန်းလည်ပတ်မှု ဆိုင်းငံ့ထားရာကနေ ပြန်လည် အသုံးပြုဖို့ နောက်ဆုံးအဆင့် လုပ်ထုံးလုပ်နည်းတွေ ပြီးစီးခဲ့ပြီလို့ ဂျပန် အာဏာပိုင်တွေက ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ပြောပါတယ်။

၂၀၁၁ ခုနှစ်တုန်းက မဂ္ဂနီကျု ၉.၀ အဆင့် ငလျင်ကြီးနဲ့ နောက်ဆက်တွဲ ဆူနာမီ ရေလှိုင်းတွေကြောင့် ဖူကူရှီးမားမှာရှိတဲ့ နျူကလီးယား ဓာတ်အားပေးစက်ရုံ တစ်ခုရဲ့ ဓာတ်ပေါင်းဖိုတွေ အက်ကွဲပြီး ရေဒီယို သတ္တိကြွ ယိုစိမ့်မှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း နီဂါတာမှာ ရှိနေတဲ့ ကာရှီဝါဇာကီ-ကာရီဝါ အပါအဝင် ဂျပန်ရဲ့ တခြား နျူကလီးယား ဓာတ်အားပေး စက်ရုံတွေ လည်ပတ်မှုကိုပါ ဆိုင်းငံ့ထားစေခဲ့တာ ဖြစ်ပါတယ်။

ကာရှီဝါဇာကီ-ကာရီဝါ နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ တိုကျိုမြို့တော် အနောက်မြောက်ဖက် ကီလိုမီတာ ၂၂၀ လောက် အကွာမှာ တည်ရှိပါတယ်။ ဖူကူရှီးမား နျူကလီးယား ကပ်ဘေး ဖြစ်ပွားအပြီး နိုင်ငံအနှံ့က နျူကလီးယား ဓာတ်ပေါင်းဖို ၅၄ ခုကို ပိတ်ထားစေခဲ့ရာမှာ ကာရှီဝါဇာကီ-ကာရီဝါလည်း ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

နှစ်တွေနဲ့ချီ ကြာမြင့်ပြီးတဲ့နောက်မှာတော့ ဂျပန်ဟာ ပြန်လည် အသက်သွင်းဖို့ သင့်တော်တဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံ ၃၃ ခုထဲက ၁၄ ခုကို ပြန်လည် လည်ပတ်စေခဲ့ပြီး ဖြစ်ပါတယ်။

ကာရှီဝါဇာကီ-ကာရီဝါကိုတော့ တိုကျို လျှပ်စစ်စွမ်းအား ကုမ္ပဏီ (TEPCO)က ဦးစီး တာဝန်ယူသွားမှာပါ။ TEPCOဟာ ကံဆိုးမိုးမှောင် ကျခဲ့တဲ့ ဖူကူရှီးမား ဓာတ်အားပေး စက်ရုံကို ကိုင်တွယ်ခဲ့တဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၂ ရက်နေ့မှာတော့ ဓာတ်အားပေး စက်ရုံ ပြန်ပြီး လည်ပတ်နိုင်ရေးအတွက် နီဂါတာ အုပ်ချုပ်ရေးမှူး ဟီဒီယို ဟာနာဇူမီက ထောက်ခံတင်ပြထားတဲ့ အဆိုကို ဒေသဆိုင်ရာ လွှတ်တော်က မဲခွဲ အတည်ပြုခဲ့ပါတယ်။ လွှတ်တော် မဲခွဲမှု မတိုင်ခင်မှာတော့ သက်ကြီးရွယ်အို အများစု ပါဝင်တဲ့ ဒေသခံ ၃၀၀ လောက်ဟာ နျူကလီးယားကို မလိုလားဘူးဆိုပြီး လွှတ်တော်တဝိုက်မှာ ဆန္ဒပြခဲ့ကြပါသေးတယ်။ ဆန္ဒပြသူ တချို့ကတော့ TEPCOက စီမံခန့်ခွဲပြီး လုပ်ငန်းလည်ပတ်မယ့် ကိစ္စအပေါ် အယုံအကြည် မရှိကြောင်း ပြောပါတယ်။

ကုမ္ပဏီ ပြောရေးဆိုခွင့်ရ အရာရှိ မာဆာကတ်ဆူ တာကာတာက ဖူကူရှီးမားမှာ ကြုံခဲ့တဲ့ မတော်တဆမှုမျိုး နောက်တစ်ကြိမ် ထပ်မဖြစ်ရအောင် အလေးအနက် သံန္နိဋ္ဌာန် ချထားကြောင်း ပြောပါတယ်။ သူက နီဂါတာ ဒေသခံတွေဟာ ဖူကူရှီးမားက ကိစ္စမျိုး လုံးဝ မကြုံစေရဘူးလို့ အာမခံခဲ့ပေမယ့် နျူကလီးယားစက်ရုံ ပြန်လည်ပတ်မယ့် နေ့ကိုတော့ အတိအကျ ထုတ်မပြောခဲ့ပါဘူး။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ဂျပန်အစိုးရရဲ့ ဖွဲ့စည်းပုံတွေကို ဝန်ကြီးချုပ် စနအဲ တကအိချိက အပြောင်းအလဲတွေ လုပ်ခဲ့ပါတယ်။

ဆောင်းပါး

ယနေ့ ဂျပန်မှာ ဂျပန်လူငယ်ဝန်ထမ်းတစ်ယောက်ရဲ့ အလုပ်အကိုင်အခွင့်အလမ်းနဲ့ လစာအခြေအနေကို ကြည့်ရင် အရင်နှစ်ပေါင်း ၃၀ ကျော်က အခြေအနေနဲ့ လုံးဝမတူတော့ပါဘူး။ တစ်ချိန်က ဘွဲ့ရပြီး အလုပ်ရှာဖို့တောင် ခက်ခဲခဲ့တဲ့ လူငယ်တွေ ရှိခဲ့သလို၊ ဒီနေ့မှာတော့ ကုမ္ပဏီတွေက လူငယ်လုပ်သားရဖို့ လစာတိုးပေးပြီး အပြိုင်အဆိုင် ဆွဲဆောင်နေရပါတယ်။ ဒီအပြောင်းအလဲကြားမှာ...

သတင်း

ဂျပန်မှာ ကလေးရဲ့ ရုပ်အလောင်းကို စွန့်ပစ်ခဲ့ကြောင်း စွပ်စွဲခံရတဲ့ မြန်မာ အမျိုးသမီးငယ်တစ်ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။