ထင်ရှားတဲ့ ကျောင်းသား သပိတ်ခေါင်းဆောင်ဟောင်း တစ်ဦးကို လုပ်ကြံ သတ်ဖြတ်သွားသူတွေဟာ အိန္ဒိယနိုင်ငံဆီ ထွက်ပြေး လွတ်မြောက်သွားကြောင်း ဘင်္ဂလားဒေ့ရှ် ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
ရှာရစ်ဖ်အော့စ်မန် ဟာဒီဟာ ဘင်္ဂလားဒေ့ရှ်မှာ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာ ဦးဆောင်တဲ့ အစိုးရကို ဖြုတ်ချခဲ့တဲ့ လူထုအုံကြွမှုကြီးမှာ အဓိက ဦးဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့နှစ်က အဲဒီ ဆန္ဒပြပွဲတွေမှာ အထင်ရှားဆုံး ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သလို လာမယ့်နှစ်ဆန်းပိုင်းမှာ ကျင်းပမယ့် ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့လည်း စီစဉ်နေပါတယ်။
ဟာဒီဟာ အစိုးရ ပြုတ်ကျချိန်မှာ ထွက်ပြေးသွားတဲ့ ဟာဆီနာကို ခိုလှုံခွင့် ပြုထားတဲ့ အိန္ဒိယ အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ ရှိသူလည်း ဖြစ်ပါတယ်။ အခုလဆန်းပိုင်းတုန်းက သူဟာ ဒါကာမြို့တော်မှာ မျက်နှာဖုံးစွပ် သေနတ်သမားတွေရဲ့ ပစ်ခတ် လုပ်ကြံမှုကို ခံခဲ့ရပြီး စင်ကာပူဆီ ဆေးရုံတင်ပို့ခဲ့ပေမယ့်လည်း ကွယ်လွန်သွားခဲ့ပါတယ်။
သူသေဆုံးမှုကို အကြောင်းပြုပြီး ဘင်္ဂလားဒေ့ရှ်မှာ မကျေမနပ် ဆူပူဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပြီး အိန္ဒိယ အစိုးရနဲ့ နီးစပ်တယ်လို့ စွပ်စွဲခံရတဲ့ သတင်းစာတိုက်နှစ်ခုနဲ့ အိန္ဒိယ ယဉ်ကျေးမှုဆိုင်ရာ အဆောက်အအုံ တစ်ခုကို ဆန္ဒပြသူတွေက ပစ်မှတ်ထား တိုက်ခိုက်ခဲ့၊ မီးရှို့ခဲ့ကြပါတယ်။

Public Service Announcement
ဟာဒီကို သတ်ဖြတ်ခဲ့တာဟာ ကြိုတင် အကွက်ချ စီစဉ်ထားတဲ့ လုပ်ကြံမှု ဖြစ်ကြောင်း၊ လုပ်ကြံမှု နောက်ကွယ်က ကြိုးကိုင်သူတွေ ဘယ်သူဘယ်ဝါဆိုတာ သိထားပြီဖြစ်ကြောင်း ဒါကာမြို့တော် မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ရဲ့ အကြီးတန်း အရာရှိ တစ်ဦးဖြစ်တဲ့ နာဇူလ် အစ္စလာမ်က ဒီဇင်ဘာ ၂၈ ရက်နေ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
သူက အဓိက သံသယ ရှိသူတွေဖြစ်တဲ့ ဖိုင်ဆယ်လ် ကာရင်မ် မာဆုဒ်နဲ့ အေလမ်ဂါ ရှိတ်ခ်တို့ဟာ ဒီဇင်ဘာ ၁၂ ရက်နေ့မှာ ဟာဒီကို ပစ်ခတ်ခဲ့ပြီးတဲ့နောက် သိပ်မကြာခင်မှာပဲ ဟာလူဂတ် နယ်ခြားဂိတ်ကနေ အိန္ဒိယကို ထွက်ပြေး ဝင်ရောက်သွားခဲ့ကြောင်းလည်း ဆိုပါတယ်။
ဆက်စပ်စုံစမ်းမှုတွေအရ နယ်စပ်မှာ သူတို့ကို အိန္ဒိယ နိုင်ငံသား နှစ်ဦးက လာရောက် ခေါ်ဆောင်သွားပြီး နိုင်ငံ အရှေ့မြောက်ပိုင်းမှာရှိတဲ့ မီဂါလာယာ ပြည်နယ်ထဲ ဝင်ရောက်သွားတယ်ဆိုတာ သိရှိထားကြောင်း အစ္စလာမ်က ဆက်ပြီး ပြောပါတယ်။
အဲဒီကိစ္စနဲ့ ပတ်သက်လို့ မီဂါလာယာ ပြည်နယ် အစိုးရဆီ ဆက်သွယ် အသိပေးခဲ့တဲ့နောက် ကြံရာပါလို့ ယုံကြည်ရတဲ့ အိန္ဒိယ နိုင်ငံသား နှစ်ဦးကို ဖမ်းမိခဲ့တယ်လို့ အစ္စလာမ်က ဆက်ပြီး ပြောကြားသွားပါတယ်။ AFP သတင်းဌာနက ဆက်သွယ် မေးမြန်းတဲ့အခါ မီဂါလာယာ ရဲတပ်ဖွဲ့ကတော့ ဘာမှတ်ချက်မှ မပေးခဲ့ပါဘူး။
ဟာဒီကို လုပ်ကြံမှုရဲ့ နောက်ကွယ်မှာ အိန္ဒိယ အစိုးရ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အခြေအမြစ် ကင်းမဲ့တဲ့ ထင်ကြေးတွေသာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
အိန္ဒိယရဲ့ မဟာမိတ်တစ်ဦးဖြစ်တဲ့ ဟာဆီနာရဲ့ အစိုးရ ပြုတ်ကျပြီးတဲ့နောက်ပိုင်း အိမ်နီးချင်း အင်အားကြီး နိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ်ကြားက ဆက်ဆံရေးဟာ တောက်လျှောက် ယိုယွင်း ကျဆင်းလာနေပါတယ်။
ကိုးကား: AFP


















































