မိသားစုကို ကယ်ဆယ်ဖို့ ကြမ်းတမ်းတဲ့ ပင်လယ်ပြင်ကို ၄ နာရီကြာ ဖြတ်ကူးခဲ့တဲ့ အသက် ၁၃ နှစ်အရွယ် လူငယ်လေး တစ်ဦးဟာ ဩစတြေးလျမှာ သူရဲကောင်း တစ်ဦးအဖြစ် ချီးကျူး ခံနေရပါတယ်။

အော်စတင် အက်ပဲလ်ဘီးဟာ မိသားစုနဲ့အတူ ကမ်းခြေတစ်ခုမှာ လှေစီးနေရင်း ပင်လယ်ပြင်ဖက် မျောပါသွားတဲ့ အခြေအနေနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ သူ့ရဲ့ မိခင် ဂျိုအန်နေးက သူ့ဘဝရဲ့ အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုကို ချခဲ့ရပါတယ်။ အဲဒါကတော့ သားဖြစ်သူ အော်စတင်ကို ကမ်းခြေထိ ရေကူးသွားပြီး အကူအညီ တောင်းခံဖို့ တောင်းဆိုရခြင်းပါပဲ။
အော်စတင်တို့ မိသားစုဟာ ဇန်နဝါရီ ၃၀ ရက်နေ့က ဩစတြေးလျ အနောက်ပိုင်း ကမ်းရိုးတန်းမှာ အပျော်ခရီး ထွက်ခဲ့ကြတာ ဖြစ်ပါတယ်။ မူလက ကမ်းခြေနားမှာ ကယက်လှေ နှစ်စီးကို လှော်ခတ်နေပေမယ့် အော်စတင်တို့ မောင်နှမ သုံးဦးနဲ့ မိခင်တို့ဟာ ပင်လယ်ပြင် ရေနက်ပိုင်းဖက်ကို လှိုင်းတွေရဲ့ ဆွဲယူသွားမှု ခံခဲ့ရပါတယ်။
ကမ်းခြေနဲ့ ကီလိုမီတာတချို့ ဝေးကွာလာနေပြီး လှိုင်းတွေကလည်း ပိုထန်လာတဲ့ အခါမှာတော့ မိခင်ဖြစ်သူရဲ့ တိုက်တွန်းမှုကြောင့် အော်စတင်ဟာ ၄ နာရီကြာ ပင်လယ်ဖြတ် ရေကူးမှုကို စတင်ခဲ့ပါတော့တယ်။ သူဟာ အကြိမ်ကြိမ် လက်လျှော့ချင်သလို ဖြစ်ခဲ့ပေမယ့် လက်လျှော့လို့ မရဘူးဆိုတာကို တောက်လျှောက် တွေးနေမိခဲ့တယ်လို့ အော်စတင်က ပြောပါတယ်။

Public Service Announcement
နောက်ဆုံးမှာတော့ အော်စတင်ဟာ ကမ်းခြေကို ပြန်ရောက်လာနိုင်ခဲ့ပါတယ်။ အနီးဆုံး အကူအညီ ရနိုင်တဲ့ နေရာရောက်တဲ့ထိ ၂ ကီလိုမီတာလောက် သူက ဆက်ပြေးခဲ့ပါသေးတယ်။ အော်စတင်ဟာ ပင်လယ်ထဲမှာ ဒုက္ခရောက်ရင်း ကျန်နေခဲ့တဲ့ မိခင်ဖြစ်သူ ဂျိုအန်နေး၊ ညီဖြစ်တဲ့ ဗျူနဲ့ ညီမ ဂရေ့စ်တို့ သေသလား ရှင်သလားဆိုတာ မသိဘဲ တောက်လျှောက် စိတ်ပူနေခဲ့ပါတယ်။
အော်စတင်ရဲ့ သတင်းစကားကို ကြားကြားပြီးချင်း ဩစတြေးလျ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ပင်လယ်ပြင်မှာ မျောနေတဲ့ လေထိုး ရော်ဘာလှေနှစ်စီးကို ဖြန့်ကျက်ရှာဖွေခဲ့ပါတော့တယ်။ နောက်ဆုံးမှာတော့ ကမ်းခြေနဲ့ ၁၄ ကီလိုမီတာလောက် အကွာမှာ အသက်ကယ် အင်္ကျီတွေ ဝတ်ထားတဲ့ သုံးဦးစလုံးကို ရှာတွေ့ပြီး အောင်အောင်မြင်မြင် ကယ်ဆယ်နိုင်ခဲ့သလို အက်ပဲလ်ဘီး မိသားစုရဲ့ ၁၀ နာရီကြာ ဒုက္ခဆိုးကြီးကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။
ကယ်ဆယ်ရေး အဖွဲ့တွေကတော့ ၁၃ နှစ်သား လူငယ်လေး တစ်ယောက်ဟာ ပင်လယ်ကို ဖြတ်ပြီး ၄ နာရီကြာ ရေကူးခဲ့တယ် ဆိုတာဟာ စူပါဟီးရိုးဆန်လွန်းတယ်လို့ တအံ့တဩ ချီးကျူးခဲ့ပါတယ်။ မိခင်ဖြစ်တဲ့ ဂျိုအန်နေးက သူ့သားလေး မအောင်မြင်နိုင်ဘူးဆိုတဲ့ အတွေးမျိုး ခဏခဏ ဝင်မိပြီး တုန်လှုပ်နေခဲ့မိကြောင်း ဖွင့်ဟခဲ့ပါတယ်။
သူတို့မိသားစုဟာ ကွင်ဒူလပ် ကမ်းခြေမှာ အပန်းဖြေခဲ့တဲ့နောက် ပါ့သ်မြို့မှာရှိတဲ့ နေအိမ်ဆီ မပြန်ခင် ရာဘာလှေနှစ်စီး၊ ကယက်လှေ နှစ်စီးကို လှော်ခတ်နေခဲ့တာပါ။ အဲဒီနောက် ရုတ်တရက် လေထန်လာပြီး သူတို့တွေဟာ ပင်လယ်ဖက် မျောပါသွားခဲ့တာ ဖြစ်တယ်လို့ ဂျိုအန်နေးက ဆိုပါတယ်။ သူတို့ရဲ့ လှော်တက်တွေကိုလည်း ဆုံးရှုံးသွားလို့ လှေတွေကို ထိန်းကျောင်းလို့ မရကြတော့ပါဘူး။ ဂျက်စတင်ရဲ့ ကယက်လှေကလည်း ပျက်စီးပြီး ရေဝင်နစ်မြုပ်သွားတဲ့အခါ အခြေအနေတွေက ပိုပြီး ဆိုးသွားခဲ့ပါတယ်။ ဂျက်စတင်က လှေကို စွန့်လွှတ်လိုက်ရတဲ့နောက် မိသားစုနဲ့ တဖြည်းဖြည်း ဝေးကွာသွားခဲ့ပြီး သူ့ရဲ့ ပင်လယ်ဖြတ် ရေကူးမှု ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။
ဂျိုအန်နေးတို့ရဲ့ လှေတွေက ကမ်းခြေနဲ့ ဝေးရာဆီ မျောပါသွားတဲ့အခါ ဂျက်စတင်ကတော့ ဆန့်ကျက်ဖက် အရပ်ကို စပြီး ရေကူးခဲ့ပါတော့တယ်။ အော်စတင် ရေကူးခဲ့တဲ့ အကွာအဝေးက ၄ ကီလိုမီတာလောက်ရှိပြီး သူ့အတွက် အနှောင့်အယှက် ဖြစ်စေတာကြောင့် အသက်ကယ် အင်္ကျီကိုလည်း ချွတ်ထားခဲ့ပါတယ်။ သူဟာ ရေထဲမှာ တစ်ခုခု ရှိနေတာကို သတိထားခဲ့မိတယ်လို့လည်း အော်စတင်က ပြောခဲ့ပြီး ဘုရားစာတွေ ဆိုရင်း ကမ်းခြေထိ ရေဆက်ကူးခဲ့တယ်လို့ ဆိုပါတယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အံ့မခန်း မဆုတ်မနစ် အားထုတ်မှုက အကျိုးရှိခဲ့ပြီး မိသားစုအားလုံး ဘေးကင်းခဲ့ပါတယ်။
မိသားစုကို ရှာတွေ့ပြီဆိုတဲ့ သတင်းကို ကြားကြားချင်း သူ့နားမှာရှိတဲ့ ဆရာဝန်တွေနဲ့ ရဲတွေပါ ဝမ်းသာအားရ ထခုန်ခဲ့ကြတာကို အော်စတင်က အမှတ်တရ ပြောပြပါတယ်။ သူ့ဘဝမှာ ဘယ်တော့မှ မမေ့နိုင်မယ့် အခိုက်အတန့် တစ်ခုလို့ အော်စတင်က ပြောပါတယ်။ သူက သူရဲကောင်း တစ်ယောက်အဖြစ် ချီးကျူးခံနေရတာတွေကိုတော့ သဘောမတူဘဲ မဖြစ်မနေ လုပ်ရမယ့် ကိစ္စတစ်ခုကို လုပ်ခဲ့ရုံသာဖြစ်ကြောင်း မှတ်ချက်ပေးသွားပါတယ်။
မိသားစုအားလုံး ဒဏ်ရာအနည်းအကျဉ်းပဲ ရခဲ့ပေမယ့် အော်စတင်ရဲ့ ခြေထောက်တွေကတော့ အရမ်းနာနေလို့ ချိုင်းထောက်နဲ့ ရက်ပိုင်းလောက် သွားလာရဦးမှာ ဖြစ်ပါတယ်။ သူက အစွမ်းကုန် ကူညီပေးခဲ့တဲ့ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ဝန်ထမ်းတွေကိုလည်း အရမ်းကျေးဇူးတင်ကြောင်း ပြောကြားသွားပါတယ်။
ကိုးကား: Guardian

















































