Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ကြီးမားတဲ့ စိန်ခေါ်မှုတွေကို ကြိုမျှော်လင့်ထားကြောင်း ရေပန်းအစားဆုံး ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်လောင်းပြော

ကြီးမားတဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေမယ်လို့ ခန့်မှန်းထားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် နေရာအတွက် ရေပန်းအစားဆုံး ပုဂ္ဂိုလ်က ပြောပါတယ်။

ဓာတ်ပုံ - Reuters

ကြီးမားတဲ့ စိန်ခေါ်မှုတွေ စောင့်ကြိုနေမယ်လို့ ခန့်မှန်းထားကြောင်း ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် နေရာအတွက် ရေပန်းအစားဆုံး ပုဂ္ဂိုလ်က ပြောပါတယ်။

ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားရေးပါတီ (BNP) ခေါင်းဆောင် တာရစ် ရာဟ်မန်ဟာ အနိုင်ရမယ့်သူအဖြစ် ရှေ့ဆုံးကနေ ရေပန်းစားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ နိုင်ငံကို အာဏာရှင်ဆန်ဆန် ကြီးစိုး အုပ်ချုပ်ခဲ့တဲ့ ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ အစိုးရ အဆုံးသတ်ခဲ့တဲ့နောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲ ကျင်းပမှာ ဖြစ်ပါတယ်။

BNPဟာ အရင်အစိုးရ လက်ထက်တုန်းက လုယူခံခဲ့ရတာတွေကြောင့် အကြီးအကျယ် ပျက်စီးခဲ့တဲ့ နိုင်ငံကို ပြန်လည်ပြုပြင်သွားမယ်လို့ ကြွေးကြော်ပြီး မဲဆွယ်ခဲ့ပါတယ်။

အခု သီတင်းပတ် AFPနဲ့ အင်တာဗျူးမှာတော့ ရာဟ်မန်က ရွေးကောက်ပွဲ အနိုင်ရပြီး ဝန်ကြီးချုပ် ဖြစ်လာမယ်ဆိုရင် သူ့ရဲ့ ဦးစားပေး ရည်မှန်းချက်က ဟာဆီနာ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း လက်ရှိ အချိန်ထိ အပြီးမသတ်နိုင်သေးတဲ့ နိုင်ငံရေး ရှုပ်ထွေး ပွေလီမှုတွေထဲကနေ နိုင်ငံကို ဆွဲထုတ်နိုင်ဖို့ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပြည်တွင်းမှာ ပုံမှန်အခြေအနေမျိုး ပြန်ရောက်လာမှသာ လူထုဘဝတွေ လုံခြုံမှာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ လူဦးရေ သန်း ၁၇၀ လောက်ရှိတဲ့ နိုင်ငံကို ဦးဆောင်ရမယ့် အလုပ်ဟာ အများကြီး ခက်ခဲပြီး စိန်ခေါ်မှုတွေ ပြည့်နေမယ်ဆိုတာ သဘောပေါက်ထားကြောင်းလည်း ရာဟ်မန်က ဝန်ခံခဲ့ပါတယ်။

နိုင်ငံစီးပွားရေးက ဖျက်ဆီးခံခဲ့ရကြောင်း သူကပြောပြီး ဟာဆီနာရဲ့ အစိုးရဟာ သာမန်ပြည်သူတွေရဲ့ ဘဝတွေအပေါ် လျစ်လျူရှုခဲ့ကြောင်း စွပ်စွဲသွားပါတယ်။ စီးပွားရေးတင် မကဘဲ ကျန်းမာရေး စောင့်ရှောက်မှုနဲ့ စွမ်းအင်ကဏ္ဍတွေဟာလည်း အရင်က အုပ်စိုးခဲ့သူတွေလက်မှာ အကြီးအကျယ် ပျက်စီးခဲ့ကြောင်း သူက ဆိုပါတယ်။

ရာဟ်မန်ရဲ့ BNPဟာ လူကြိုက်များမှုတွေမှာ ရှေ့ဆုံးတန်းက ဦးဆောင်နေပေမယ့် နိုင်ငံရဲ့ အကြီးဆုံး အစ္စလာမ်မစ် ပါတီဖြစ်တဲ့ ဂျမတ်အီ အစ္စလာမ်မီ ဦးဆောင်တဲ့ ပြိုင်ဘက် ညွန့်ပေါင်း အင်အားစုရဲ့ စိန်ခေါ်မှုကိုလည်း ကြုံနေရပါတယ်။ ဒါပေမဲ့ ရာဟ်မီကတော့ သူဟာ ပြတ်သားတဲ့ အနိုင်ရလဒ်မျိုး ပိုင်ဆိုင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိနေကြောင်း AFPကို ပြောခဲ့ပါတယ်။

ပြည်သူတွေဆီက တိကျရှင်းလင်းတဲ့၊ ကြီးမားတဲ့ ယုံကြည်အပ်နှင်းမှုမျိုး BNPက ရရှိလာမယ်လို့ မျှော်လင့်ထားကြောင်း သူက ဆိုပါတယ်။ နောက်ပြီး လက်ရှိ သူ့ပါတီနဲ့ မိတ်ဖက် အင်အားစုတွေအပြင် ညွန့်ပေါင်း အစိုးရ ထပ်ဖွဲ့ဖို့ ပါတီအသစ်တွေ ဖိတ်ခေါ်စရာ လိုအပ်လာမယ် မထင်ကြောင်းလည်း ရာဟ်မန်က မှတ်ချက်ပေးခဲ့ပါတယ်။ လက်ရှိ အင်အားစုကတင် အစိုးရဖွဲ့ဖို့ လုံလောက်တဲ့ လွှတ်တော်အမတ် နေရာမျိုး ရနိုင်လိမ့်မယ်လို့ ရာဟ်မန်က ဆိုပါတယ်။

အသက် ၆၀ အရွယ် ရာဟ်မန်ဟာ ဗြိတိန်မှာ ၁၇ နှစ်လောက် သွားရောက်တိမ်းရှောင် နေထိုင်နေပြီး ဒီဇင်ဘာလကမှာ ဘင်္ဂလားဒေ့ရှ်ကို ပြန်ရောက်လာတာပါ။ သူဟာ ဟာဆီနာ ကြီးစိုးတဲ့ ကာလတွေမှာ နိုင်ငံရဲ့ အဝေးကို ရောက်နေခဲ့တာ ဖြစ်ပါတယ်။ သူဟာ ပါတီခေါင်းဆောင် နေရာကို ဝန်ကြီးချုပ် သုံးကြိမ် ဖြစ်ဖူးသူ မိခင် ခါလီဒါဇိုင်ရာဆီက လွှဲပြောင်းယူခဲ့ပါတယ်။ သူ့မိခင်ကတော့ ရာဟ်မန် နေရပ်ပြန်ရောက်လာပြီး ရက်ပိုင်းလောက်အကြာ အသက် ၈၀ အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရာဟ်မန်ရဲ့ ဖခင် ဇိုင်ရာ ရာဟ်မန်ကလည်း ဘင်္ဂလားဒေ့ရှ် သမ္မတဟောင်း တစ်ဦးဖြစ်ပြီး ၁၉၈၁ ခုနှစ်မှာ လုပ်ကြံခံခဲ့ရပါတယ်။

မိဘတွေက ထင်ရှားတဲ့ နိုင်ငံရေး ကြယ်ပွင့်တွေ ဖြစ်ခဲ့ပေမယ့် သူကိုယ်တိုင်ကလည်း မိဘတွေရဲ့ လောင်းရိပ်အောက်မှာ ရှင်သန်ခဲ့တာ မဟုတ်ဘဲ နိုင်ငံရေးမှာ နှစ်ရှည်လများ ကျင်လည်ခဲ့တယ်လို့ ရာဟ်မန်က ဆိုပါတယ်။ မိဘတွေနဲ့ သူနဲ့ကြားက လုပ်ထုံးလုပ်နည်းတွေလည်း တူမှာမဟုတ်ကြောင်း၊ မိဘတွေထက် ပိုသာအောင် ကြိုးစားချင်ကြောင်း သူက ပြောကြားသွားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ အရေးနိမ့်ခဲ့တဲ့ မဟာမိတ် ညွန့်ပေါင်း အင်အားစု မဲဆန္ဒနယ် ၃၀ ကျော်က ရလဒ်တွေနဲ့ ပတ်သက်လို့ မကျေနပ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင် (EC)ဆီ တရားဝင် အရေးဆိုခဲ့ပါတယ်။

နိုင်ငံတကာ

ကြိုတင် ခန့်မှန်းထားကြတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ် ရွေးကောက်ပွဲမှာ ဘင်္ဂလားဒေ့ရှ် အမျိုးသားပါတီ (BNP)က အနိုင်ရရှိခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဘင်္ဂလားဒေ့ရှ်မှာ အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့တဲ့ ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာရဲ့ အစိုးရကို ဖြုတ်ချတဲ့ တော်လှန်ရေးကို Gen Zလို့ခေါ်တဲ့ မျိုးဆက်သစ် လူငယ်တွေက ဦးဆောင်ခဲ့ပေမယ့် အဲဒီဖြစ်စဉ်နောက်ပိုင်း ပထမဆုံး ကျင်းပမယ့် ရွေးကောက်ပွဲမှာတော့ ရှိရင်းစွဲ နိုင်ငံရေး ပါတီကြီးတွေကပဲ အဓိက အားပြိုင်နေဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ်ဟာဆီနာရဲ့ ခေတ်အလွန် ပထမဆုံး ရွေးကောက်ပွဲအတွက် ဘင်္ဂလားဒေ့ရှ်မှာ မဲဆွယ်မှုတွေ စတင်နေပြီ ဖြစ်ပါတယ်။