Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အတိုက်အခံ ခေါင်းဆောင်ကို အဆိပ်ခတ် သတ်ခဲ့ကြောင်း စွပ်စွဲချက်တွေကို ရုရှား ငြင်းဆို

အကျဉ်းကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်ကို အဆိပ်ခတ် လုပ်ကြံခဲ့ကြောင်း စွပ်စွဲမှုတွေကို ရုရှားအစိုးရက ယတိပြတ် ငြင်းဆိုသွားခဲ့ပါတယ်။

အကျဉ်းကျနေတဲ့ အတိုက်အခံ ခေါင်းဆောင်ကို အဆိပ်ခတ် လုပ်ကြံခဲ့ကြောင်း စွပ်စွဲမှုတွေကို ရုရှားအစိုးရက ယတိပြတ် ငြင်းဆိုသွားခဲ့ပါတယ်။

ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဆွီဒင်နဲ့ နယ်သာလန်တို့ ဥရောပ ၅ နိုင်ငံက ပြီးခဲ့တဲ့ သီတင်းပတ်ကုန်မှာ ပူးတွဲ ကြေညာချက် တစ်ရပ် ထုတ်ပြန်ခဲ့ရာမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်နေ့တုန်းက အလက်ဆီ နက်ဗယ်လ်ညီ သေဆုံးမှုဟာ ရုရှားအစိုးရရဲ့ အဆိပ်ခတ်မှုကြောင့်လို့ အခိုင်အမာ စွပ်စွဲထားခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ကို ဆန့်ကျင်စိန်ခေါ်တဲ့ အဓိက အတိုက်အခံ တစ်ဦးအဖြစ် ရပ်တည်နေသူ နက်ဗယ်လ်ညီဟာ ဖားတစ်မျိုးက ရတဲ့ အဆိပ်ကြောင့် သေဆုံးခဲ့တာ ဖြစ်တယ်လို့ အဲဒီ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဆိုက်ဘေးရီးယားက အကျဉ်းစခန်း တစ်ခုမှာ ရှိနေခဲ့တဲ့ နက်ဗယ်လ်ညီကို လုပ်ကြံဖို့ လုံလောက်တဲ့ အကြောင်းတရား၊ အခွင့်အရေးနဲ့ စိတ်ဆန္ဒမျိုးက ရုရှားအစိုးရဆီမှာပဲ ရှိနေတယ်လို့လည်း ဥရောပ နိုင်ငံတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားကတော့ အသက် ၄၇ နှစ်အရွယ်မှာ နက်ဗယ်လ်ညီ ကွယ်လွန်သွားတာဟာ သမားရိုးကျ အကြောင်းတရားကြောင့်သာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။

ဖေဖော်ဝါရီ ၁၆ ရက်နေ့မှာတော့ ရုရှားအစိုးရ ရုံးစိုက်ရာ ကရင်မလင် နန်းတော်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ ဒီမစ်ထရီ ပက်စ်ကော့ဗ်က ဥရောပ နိုင်ငံတွေဆီက စွပ်စွဲချက်ကို ငြင်းဆိုသွားခဲ့ပါတယ်။

အဲဒီလို စွပ်စွဲချက်တွေကို ရုရှားအနေနဲ့ လက်မခံနိုင်ကြောင်း၊ သဘောလည်း မတူကြောင်း၊ ဘယ်လို ခိုင်မာတဲ့ အခြေအနေမျိုးပေါ်မှာမှ မူတည်မထားတဲ့ ဘက်လိုက် ပြောဆိုမှုတွေလို့ ရုရှားက ယူဆတဲ့အတွက် ယတိပြတ် ပယ်ချကြောင်း ပက်စ်ကော့ဗ်က ဆိုပါတယ်။

အစောပိုင်းမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရ အမျိုးသမီး မာရီယာ ဇာခါရိုဗာကလည်း အဲဒီ စွပ်စွဲချက်တွေဟာ အနောက်နိုင်ငံတွေ အနေနဲ့ သူတို့ရဲ့ ကိုယ်ပိုင် ပြဿနာတွေအပေါ် အာရုံစိုက်မှုတွေကို လွှဲဖယ်ဖို့အတွက် မရိုးမသား လုပ်ဆောင်ခဲ့တဲ့ ဝါဒဖြန့်မှုတွေသာ ဖြစ်တယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဥရောပ နိုင်ငံတွေက ရုရှားအပေါ် စွပ်စွဲမှုဟာ နက်ဗယ်လ်ညီရဲ့ အလောင်းကနေ ရထားတဲ့ ဆေးစစ်ချက် နမူနာတွေအပေါ် အခြေခံထားတယ်လို့ ပြောပေမယ့် အဲဒီ နမူနာတွေကို ဘယ်လို ရရှိခဲ့သလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်မထားပါဘူး။

နက်ဗယ်လ်ညီ သေဆုံးမှုကို ၂၀၁၈ တုန်းက အင်္ဂလန်မှာ ရုရှား နှစ်ဖက်လွှ သူလျှိုဟောင်း ဆာဂျီ စခရစ်ပယ်လ်နဲ့ သမီးဖြစ်သူကို ရုရှား အေးဂျင့်တွေက ဓာတုအဆိပ်နဲ့ တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်နဲ့ နှိုင်းယှဉ်မှုတွေလည်း ရှိနေပါတယ်။ ရုရှားကတော့ အဲဒီ တိုက်ခိုက်မှုနဲ့ လုံးဝ ပတ်သက် ဆက်နွှယ်မှု မရှိကြောင်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် ရုရှား အတိုက်အခံ နိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ အလက်ဇန္ဒား လစ်ဗီနန်ကိုဟာ ၂၀၀၆ ခုနှစ်တုန်းက လန်ဒန်မှာ ရေဒီယို သတ္တိကြွ ဓာတ်ပစ္စည်းတစ်မျိုး အသုံးပြုပြီး လုပ်ကြံခံခဲ့ရတဲ့ ဖြစ်စဉ်မှာလည်း ဘာပတ်သက်မှုမှ မရှိကြောင်း ရုရှားက ကာကွယ်ပြောဆိုထားပါတယ်။

ကိုးကား: Reuters
ဓာတ်ပုံ – Reuters

ဆက်စပ်သတင်းများ

သတင်း

စစ်ပွဲကာလတလျှောက် ယူကရိန်းရဲ့ အကြီးမားဆုံး လေကြောင်း စစ်ဆင်ရေး တစ်ခုအတွင်း ရုရှားနိုင်ငံရဲ့ မြို့တော် မော်စကိုမှာရှိတဲ့ ရေနံချက် စက်ရုံကြီးတစ်ခု ထိမှန်ခဲ့သလို မြို့ထဲမှာ ရေနံစိမ်းတွေ မိုးရွာသလို ကျဆင်းခဲ့ကြောင်း မြို့ခံတွေက ပြောပါတယ်။

အတွေးအမြင်

မြန်မာနိုင်ငံ၏ လွတ်လပ်ရေးရပြီး နောက်ပိုင်း သက်တမ်းတလျှောက်လုံးနီးပါးကို စစ်တပ်၏ အရိပ်မကင်းသော အုပ်ချုပ်မှုပုံစံဖြင့် နိုင်ငံရေးအခင်းအကျင်းတခုလုံးကို လွှမ်းခြုံထားခဲ့သည်။

သတင်း

ရုရှားနိုင်ငံ ကာဇန်မှာ ကျင်းပတဲ့ ရုရှား-အာဆီယံထိပ်သီးညီလာခံကို အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင် တက်ရောက်ခွင့်မရဘဲ စစ်တပ်ခန့်နိုင်ငံခြားရေးအတွင်းဝန်ကိုသာ စေလွှတ်ခဲ့ရတယ်လို့ သိရပါတယ်။

နိုင်ငံတကာ

ယူကရိန်းမှာရှိတဲ့ ကမ္ဘာ့အမွေအနှစ် သာသနိက အဆောက်အအုံ တစ်ခုကို တိုက်ခိုက်ခဲ့တဲ့ ရုရှားရဲ့ လုပ်ရပ်အပေါ် ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့ကြီး (ယူနက်စကို)က ရှုတ်ချသွားခဲ့ပါတယ်။