နိုင်ငံခေါင်းဆောင်ကြီး ကင်မ်ဂျုံအွန်းရဲ့ သမီးက စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို စမ်းသပ်ပစ်ခတ်နေတဲ့ ဓာတ်ပုံကို မြောက်ကိုရီးယား အစိုးရ မီဒီယာက ထုတ်ပြလိုက်ပါတယ်။
မြောက်ကိုရီးယားဟာ သတင်းထုတ်ပြန်မှုတွေနဲ့ ပတ်သက်ရင် အရမ်းတင်းကျပ်ပြီး ထုတ်ပြလိုက်တဲ့ ဓာတ်ပုံတစ်ခုချင်းစီကလည်း နောက်ကွယ်မှာ အဓိပ္ပါယ်တစ်ခုခု ရှိနိုင်တယ်လို့ လေ့လာသူတွေက ယူဆကြပါတယ်။ အခု ဓာတ်ပုံကတော့ ကင်မ်ဂျူအေးဟာ လူလားမြောက် အရွယ်ရောက်လာပြီလို့ မြောက်ကိုရီးယား အစိုးရက သတ်မှတ်လိုက်ခြင်းအဖြစ် အများက မှတ်ချက်ပေးနေပါတယ်။
မြောက်ကိုရီးယား အစိုးရ မီဒီယာဟာ အဲဒီမိန်းကလေးကို နိုင်ငံခေါင်းဆောင်ကြီးရဲ့ ချစ်လှစွာသော သမီးလို့ပဲ သုံးနှုန်း ရည်ညွှန်းလေ့ရှိပြီး နာမည်ရင်းကို မဖော်ပြပါဘူး။ ဒါပေမဲ့ တောင်ကိုရီးယား ထောက်လှမ်းရေးကတော့ မိန်းကလေးရဲ့ နာမည်ဟာ ကင်မ်ဂျူအေး ဖြစ်မယ်လို့ ယုံကြည်ထားပါတယ်။ ဒါ့အပြင် သူဟာ ဖခင်ရဲ့ အရိုက်အရာကို ဆက်ခံပြီး နိုင်ငံခေါင်းဆောင် နေရာကို ရယူမယ့်သူ အဖြစ်လည်း ထင်ကြေးပေး ခံထားရပါတယ်။ သူ့ရဲ့ အသက်ကိုလည်း အတိအကျ မသိရပေမယ့် ၁၅ နှစ် မပြည့်သေးဘူးလို့ ကျယ်ကျယ်ပြန့်ပြန့် လက်ခံထားကြပါတယ်။
ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ကင်မ်ဂျုံအွန်းဟာ အရေးပါတဲ့ အခမ်းအနားတွေမှာ သူ့သမီးကို အသေအချာ ပွဲထုတ်လာခြင်းကလည်း အဲဒီ ယူဆချက်တွေကို ပိုမို ခိုင်မာလာစေပါတယ်။

Public Service Announcement
ဖေဖော်ဝါရီ ၂၈ ရက်နေ့မှာ KCNA သတင်းဌာနက ဖော်ပြခဲ့တဲ့ ဓာတ်ပုံမှာတော့ ကင်မ်ဂျူအေးဟာ စနိုက်ပါ ရိုင်ဖယ်တစ်လက်ကို အကျအန ချိန်ရွယ်ပြီး ပစ်ခတ်နေတာကို တွေ့ခဲ့ရပါတယ်။ ဒါတင်မကသေးဘဲ ဖခင်ဖြစ်သူရဲ့ ပစ်ခတ်မှုမှာလည်း သူက ဘေးကနေ ပစ်မှတ် အတည်ပြုသူ (spotter)အဖြစ် ကူညီပေးနေတာကို တွေ့ရပါတယ်။
KCNAရဲ့ အဆိုအရ ခေါင်းဆောင်ကြီးတို့ သားအဖဟာ ဖေဖော်ဝါရီ ၂၇ ရက်နေ့တုန်းက စက်ပစ်ကွင်း တစ်ခုကို သွားရောက်ပြီး အဲဒီ ရိုင်ဖယ်တွေကို စမ်းသပ်ပစ်ခတ်ခဲ့ကြတယ်လို့ သိရပါတယ်။
ကင်မ်ဂျူအေးဟာ အရေးကြီးတဲ့ အခမ်းအနားတွေမှာ ဖခင်ဖြစ်သူ ဝတ်လေ့ရှိတဲ့ သားရေဂျာကင်ကို ဝတ်ဆင်ထားပါတယ်။ သားအဖနှစ်ဦး ဖက်ရှင်ဆင်တူ ဝတ်နေကြခြင်းက အဲဒီ မိန်းကလေးရဲ့ အရေးပါမှုကို သွယ်ဝိုက်ဖော်ပြတဲ့ ပြယုဂ်တစ်ခုလို့ မြောက်ကိုရီးယားအရေး လေ့လာသူတွေက ပြောပါတယ်။
ဓာတ်ပုံတွေမှာ တွေ့ရတဲ့ ကင်မ်ဂျူအေးရဲ့ ကိုယ်နေဟန်ထားအရ အဲဒီမိန်းကလေးဟာ စစ်ရေးလေ့ကျင့်မှုတွေ ကောင်းကောင်း ခံယူရရှိထားတယ်ဆိုတာ သိသာနေတယ်လို့ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာရှိတဲ့ မြောက်ကိုရီးယား လေ့လာရေး တက္ကသိုလ် အကြီးအကဲဟောင်း ယန်မူဂျင်းက မှတ်ချက်ပေးခဲ့ပါတယ်။
ကင်မ်ဂျုံအွန်းရဲ့ ညီမဖြစ်သူ ကင်မ်ယိုဂျောင်ဟာလည်း ပြီးခဲ့တဲ့ ပါတီညီလာခံ အပြီးမှာတော့ အာဏာရ အလုပ်သမား ပါတီရဲ့ အထွေထွေရေးရာ ဌာနကြီးမှူး ရာထူး တိုးမြှင့်ခန့်အပ် ခံခဲ့ရပါတယ်။ ဒါဟာ ပါတီရဲ့ အတွင်းရေးမှူးချုပ် ရာထူးမျိုးလို့လည်း သိရပါတယ်။
မြောက်ကိုရီးယားနိုင်ငံ စတင်ထူထောင်ချိန် ကတည်းက ကင်မ်ရဲ့ အဖိုးနဲ့ ဖခင်တို့က ကွန်မြူနစ် အာဏာရှင်တွေအဖြစ် လက်ဆင့်ကမ်း အုပ်ချုပ်ခဲ့ပြီး လေ့လာသူတွေကတော့ အဲဒီမိသားစုကို ကင်မ်မင်းဆက်လို့ ရည်ညွှန်း သုံးနှုန်းလေ့ရှိပါတယ်။
ကိုးကား: AFP

















































