အမေရိကန်က လေဆိပ်တစ်ခုမှာ ခရီးသည်တင် လေယာဉ်နဲ့ မြေပြင်ဝန်ထမ်းတွေရဲ့ ထရပ်ကားတစ်စီးတို့ တိုက်မိမှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။
မတ်လ ၂၂ ရက် ညပိုင်းက ဖြစ်ရပ်အပြီး နယူးယောက်မြို့က လာဂွာဒီယာ လေဆိပ်ကိုလည်း ယာယီ ပိတ်ထားခဲ့ရပါတယ်။ တာဝန်ရှိသူတွေကတော့ လေဆိပ်ကို ပိတ်ထားရတဲ့ အခြေအနေဟာ နာရီတွေနဲ့ချီ ကြာမြင့်နိုင်တယ်လို့ ပြောပါတယ်။
Air Canada လေကြောင်းလိုင်းရဲ့ ဒေသခံ မိတ်ဖက် လေကြောင်းလိုင်း Jazz aviationက ပိုင်ဆိုင်တဲ့ CRJ 900 အမျိုးအစား လေယာဉ်ဟာ ကနေဒါနိုင်ငံ မွန်ထရယ်လ်မြို့ကနေ ပျံသန်းလာပြီး လာဂွာဒီယာ လေဆိပ်မှာ ဆင်းသက်ခဲ့ပါတယ်။ ပြီးတော့ လေယာဉ်က အရှိန်ကို တစ်နာရီ ၂၄ မိုင်နှုန်းထိ လျှော့ချပြီး ပြေးလမ်းပေါ် ဆက်လက် မောင်းနှင်နေတုန်းမှာ လေဆိပ်ကို စီမံခန့်ခွဲတဲ့ နယူးယောက်နဲ့ နယူးဂျာစီ ဆိပ်ကမ်း အာဏာပိုင်အဖွဲ့ရဲ့ ထရပ်ကားကို ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ မှတ်တမ်းတွေအရတော့ လေယာဉ်ရော၊ ထရပ်ကားပါ အတော်လေး ပျက်စီးသွားတာကို တွေ့ခဲ့ရပါတယ်။ လေယာဉ်ပေါ်မှာ ခရီးသည် ၇၆ ဦးနဲ့ အမှုထမ်း ၄ ဦး စီးနင်းလိုက်ပါလာကြောင်း Jazz aviaitionက ထုတ်ပြန်ထားပါတယ်။ ဖြစ်စဉ်မှာ ဒဏ်ရာရသူတချို့ ရှိခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် အာဏာပိုင်တွေကတော့ ထိခိုက်ဒဏ်ရာရမှု အခြေအနေ အသေးစိတ်ကို မကြေညာသေးပါဘူး။

Public Service Announcement
နယူးယောက် ရဲတပ်ဖွဲ့က လတ်တလောမှာ လေဆိပ်တဝိုက် ယာဉ်ကြောတွေလည်း ပိတ်ဆို့မှု ရှိနိုင်လို့ အတတ်နိုင်ဆုံး ရှောင်ကွင်း မောင်းနှင်ကြဖို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ နယူးယောက် မီးသတ်ဌာနကလည်း အလားတူ သတိပေးချက်မျိုးကို ထုတ်ပြန်ထားပါတယ်။
လေယာဉ်ပြေးလမ်းပေါ်မှာ ဘာကြောင့် ထရပ်ကားက ရောက်နေပြီး တိုက်မိမှု ဖြစ်ခဲ့သလဲ ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အမေရိကန် အမျိုးသား သယ်ယူပို့ဆောင်မှု လုံခြုံရေး ဘုတ်အဖွဲ့ကတော့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စတင်စစ်ဆေးနေကြောင်း ပြောကြားထားပါတယ်။
ကိုးကား: BBC


















































