Connect with us

Hi, what are you looking for?

နိုင်ငံတကာ

“ လ” ကနေ မြင်ရတဲ့ “ ကမ္ဘာဝင်ချိန်”

လရဲ့ မျက်နှာပြင် တခြားတစ်ဖက်ခြမ်းကနေ ကမ္ဘာပေါ် အရိပ်ထိုးကျနေတဲ့ ဓာတ်ပုံကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန် ပြသခဲ့ပါတယ်။

ဧပြီ – ၇ ၊၂၀၂၆

လရဲ့ မျက်နှာပြင် တခြားတစ်ဖက်ခြမ်းကနေ ကမ္ဘာပေါ် အရိပ်ထိုးကျနေတဲ့ ဓာတ်ပုံကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန် ပြသခဲ့ပါတယ်။

နာဆာက လွှတ်တင်လိုက်ပြီး လရဲ့ ပိုမိုဝေးကွာတဲ့ မျက်နှာပြင်ဖက်က ပထမဆုံးအကြိမ် ပတ်ပြီး ပျံသန်းနိုင်ခဲ့တဲ့ Artemis II အာကာသ စူးစမ်းလေ့လာရေး မစ်ရှင် အဖွဲ့သားတွေက အဲဒီ ဓာတ်ပုံကို ဧပြီ ၆ ရက်နေ့မှာ ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

အဲဒီ ဓာတ်ပုံဟာ လွန်ခဲ့တဲ့ ၅၈ နှစ်တုန်းက Apollo 8 မစ်ရှင် အဖွဲ့သား အာကာသယာဉ်မှူး ဘီလ်အန်းဒါးစ်က ရိုက်ကူးခဲ့တဲ့ ဂန္ထဝင်မြောက် ကမ္ဘာထွက်ချိန် (earthrise) ဓာတ်ပုံကို ပြန်လည်ကိုးကားထားပြီး ကမ္ဘာဝင်ချိန် (earthset)ကို ပုံဖော်ထားတာလို့ နာဆာက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Apollo 8ဟာ လကို စူးစမ်းလေ့လာဖို့ လူသားတွေ လိုက်ပါခဲ့တဲ့ ပထမဆုံး အာကာသ မစ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။

အခုအခါ လကနေ ကမ္ဘာဆီကို ပြန်လာနေပြီဖြစ်တဲ့ Artemis II မစ်ရှင်ကတော့ အာကာသ စူးစမ်းလေ့လာရေး သမိုင်းကြောင်းမှာ အကြီးကျယ်ဆုံး အခိုက်အတန့် တစ်ခုကို ဖန်တီးနိုင်ခဲ့တယ်လို့ နာဆာက ကြွေးကြော်ထားပါတယ်။

ယာဉ်မှူး လေး ဦး စီးနင်းလိုက်ပါသွားတဲ့ အာကာသယာဉ်ဟာ လူ့သမိုင်းတလျှောက် ကမ္ဘာကနေ အဝေးဆုံး နေရာထိ လူသားတွေ ရောက်ရှိနိုင်မှုအဖြစ် မှတ်တမ်းသစ် ရေးထိုးခဲ့ပါတယ်။ Artemis IIဟာ ကမ္ဘာကနေ ၂၅၂,၇၅၆ မိုင်အကွာထိ ရောက်ရှိခဲ့ပါတယ်။

ပြီးတော့ လမျက်နှာပြင်နဲ့ မိုင်ပေါင်း ၄,၀၇၀ အကွာထိ ချဉ်းကပ်ခဲ့ပါတယ်။

နာဆာဟာ “ ကမ္ဘာဝင်ချိန်” ဓာတ်ပုံအပြင် Artemis IIပေါ်ကနေ ရိုက်ကူးထားတဲ့ နောက်ထပ် ဓာတ်ပုံတချို့ကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။

ကမ္ဘာဝင်ချိန်ဟာ လမျက်နှာပြင်ရဲ့ အစွန်းပိုင်းကနေ ကမ္ဘာကြီးက ပုန်းကွယ်ပြီး ပျောက်သွားခါနီး အခြေအနေကို ရိုက်ကူးထားခဲ့တာပါ။

ကနဦး ကမ္ဘာထွက်ချိန် ဓာတ်ပုံဟာ လျှပ်တပြက် ရိုက်ယူထားခဲ့တာ ဖြစ်ပေမယ့် ကမ္ဘာဝင်ချိန် ဓာတ်ပုံကိုတော့ ကြိုတင်ပြီး သေသေချာချာ အစီအစဉ် ရေးဆွဲပြီး ရိုက်ယူခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံထဲမှာတော့ ကမ္ဘာကြီးကို လအရိပ်က ဖုံးနေလို့ လခြမ်းကွေးပုံစံပဲ မြင်နေရတာကိုလည်း တွေ့နိုင်ပါတယ်။

Artemis IIရဲ့ ယာဉ်မှူးတွေဟာ အဲဒီဓာတ်ပုံကို ရိုက်ယူအပြီး တစ်နာရီကျော် အကြာမှာတော့ လရဲ့ ကမ္ဘာနဲ့ ပိုနီးတဲ့ဖက် အခြမ်းဆီ ပြန်ရောက်နိုင်ခဲ့သလို ကမ္ဘာမြေဆီ အပြန်ခရီးစဉ်ကို စတင်နိုင်ခဲ့ပါတယ်။

Artemis IIဟာ ဧပြီ ၁၀ ရက်နေ့မှာ ကမ္ဘာပေါ် ပြန်လည် ဆင်းသက်လာမယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်ခဲ့တဲ့ လစူးစမ်းရေး အာကာသယာဉ် Artemis IIဟာ အာကာသ သိပ္ပံဆိုင်ရာ သမိုင်းမှတ်တိုင်သစ် စိုက်ထူပြီးတဲ့နောက် ကမ္ဘာမြေပေါ် အန္တရာယ်ကင်းကင်း ပြန်လည် ဆင်းသက်လာခဲ့ပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ်ဝက်ကျော် ကာလအတွင်း လူလိုက်ပါပြီး လဆီကို ဦးတည်ပျံသန်းတဲ့ အာကာသ မစ်ရှင်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်ခဲ့ပါတယ်။

နိုင်ငံတကာ

လပေါ်မှာ နျူကလီးယား ဓာတ်အားပေး စက်ရုံတစ်ခု တည်ဆောက်ဖို့ ရုရှားက စီစဉ်နေကြောင်း သိရပါတယ်။

နိုင်ငံတကာ

Popဂီတ ကြယ်ပွင့် ကေတီပယ်ရီ အပါအဝင် အမျိုးသမီးတွေချည်း လိုက်ပါသွားတဲ့ အာကာသ ခရီးစဉ်ဟာ ကမ္ဘာမြေဆီ ချောချောမောမော ပြန်လည် ရောက်ရှိလာခဲ့ပါတယ်။