ဆယ်စုနှစ်ဝက်ကျော် ကာလအတွင်း လူလိုက်ပါပြီး လဆီကို ဦးတည်ပျံသန်းတဲ့ အာကာသ မစ်ရှင်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်ခဲ့ပါတယ်။

၁၀ ရက်ကြာမြင့်မယ့် Artemis II မစ်ရှင်ဟာ ဧပြီ ၁ ရက်နေ့က အာကာသယာဉ်မှူး ၄ ဦးကို တင်ဆောင်ပြီး ဖလော်ရီဒါကနေ ပျံသန်း ထွက်ခွာသွားခဲ့ပါတယ်။ အမေရိကန်ဟာ လကို စူးစမ်းလေ့လာဖို့ လူလိုက်ပါသွားတဲ့ အာကာသ ယာဉ်တွေ စေလွှတ်မှုကို အမေရိကန်က ဆယ်စုနှစ်တွေနဲ့ချီ ကြာပြီးမှ တကျော့ပြန် အလေးပေး အာရုံစိုက်လာတာလည်း ဖြစ်ပါတယ်။
တရုတ်က လစူးစမ်းရေး မစ်ရှင်တွေအတွက် အလေးအနက် အားထုတ်လာခြင်းနဲ့အတူ နာဆာကလည်း အဲဒီအပိုင်းမှာ ပြန်လည် အာရုံစိုက်လာတာပါ။ နာဆာရဲ့ SLS ဒုံးကျည်စနစ်ဟာ Orion အာကာသ ယာဉ်နဲ့အတူ တွဲဖက်ပြီး ပျံတက်သွားခဲ့တာ ဖြစ်ပါတယ်။ အမေရိကန် အာကာသယာဉ်မှူး ၃ ဦးနဲ့ ကနေဒါ ၁ ဦးတို့ဟာ လာမယ့် ၁၀ ရက်အတွင်း လတဝိုက်မှာ စူးစမ်းလေ့လာမှုတွေကို ၁၀ ရက်ဝန်းကျင် ကြာမြင့်အောင် လုပ်ဆောင်ပြီး ကမ္ဘာမြေဆီ ပြန်လာမှာပါ။ အဲဒီ ခရီးစဉ်မှာ လူသားတွေ သမိုင်းတလျှောက် အာကာသထဲ ရောက်ခဲ့ဖူးသမျှထက် ပိုပြီး နက်နက်ရှိုင်းရှိုင်း သွားရောက်နိုင်ဖို့လည်း ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။ Artemis IIဟာ အာကာသထဲကို ကီလိုမီတာပေါင်း ၄၀၆၀၀၀ လောက်ထိ သွားရောက်ဖို့ စီစဉ်ထားပါတယ်။

အခု လွှတ်တင်မှုဟာ အမေရိကန်ရဲ့ SLA ဒုံးကျည်အသစ်အတွက် အရေးကြီးတဲ့ အောင်မြင်မှု တစ်ခုလည်း ဖြစ်လာပါတယ်။ အထပ် ၃၀ တိုက်တစ်လုံးစာလောက် မြင့်မားတဲ့ ဒုံးကျည်ဟာ လူသားတွေကို အာကာသထဲ ဘေးကင်းကင်း တင်ဆောင်သွားနိုင်ကြောင်း သက်သေပြဖို့ Boeingနဲ့ Northrop Grumman ကုမ္ပဏီတွေက ကာလရှည်ကြာ အချိန်ယူခဲ့ကြရပါတယ်။ ပြီးတော့ နာဆာကလည်း SpaceXနဲ့ တခြားကုမ္ပဏီတွေရဲ့ ပိုမိုစရိတ်သက်သာတဲ့ ပုဂ္ဂလိကပိုင် ဒုံးကျည်တွေအပေါ် ပိုမို အားကိုးလာခဲ့ပါတယ်။

Public Service Announcement
နာဆာဟာ ၁၉၇၂ ခုနှစ်က လုပ်ဆောင်ခဲ့တဲ့ Apollo မစ်ရှင်နောက်ပိုင်း လပေါ်ကို လူသားတွေ ပထမဆုံးအကြိမ် ပြန်လည် ခြေချနိုင်ရေးအတွက် အထူး အာရုံစိုက် ကြိုးစားလာခဲ့ပါတယ်။ အခုမစ်ရှင်မှာတော့ အာကာသ ယာဉ်မှူးတွေဟာ လမျက်နှာပြင်ပေါ် ဆင်းသက်ဦးမှာ မဟုတ်ဘဲ ဆက်သွယ်ရေး၊ လမ်းကြောင်းပြ စနစ်တွေ ယုံကြည်စိတ်ချရမှု ရှိမရှိနဲ့ တခြား သုတေသန ကဏ္ဍတွေ အတွက်ပဲ အာရုံစိုက်ထားတာ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်းကျမှသာ ပိုပြီး ရှုပ်ထွေး သိမ်မွေ့တဲ့ လပေါ်ဆင်းသက်မှု အဆင့်ကို ဆက်လက် လုပ်ဆောင်ဖို့ နာဆာက ရည်ရွယ်ထားပါတယ်။
တခြားတစ်ဖက်မှာတော့ တရုတ်ကလည်း လမျက်နှာပြင် စူးစမ်းရေး မစ်ရှင်တွေကို အပူတပြင်း လုပ်ဆောင်နေပြီး ၂၀၃၀ ပြည့်နှစ်မှာတော့ လပေါ်ကို လူသားတွေ ခြေချနိုင်စေဖို့ ပစ်မှတ်ထား ကြိုးစားနေကြောင်း သိရပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – The New York Times


















































