အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်ခဲ့တဲ့ လစူးစမ်းရေး အာကာသယာဉ် Artemis IIဟာ အာကာသ သိပ္ပံဆိုင်ရာ သမိုင်းမှတ်တိုင်သစ် စိုက်ထူပြီးတဲ့နောက် ကမ္ဘာမြေပေါ် အန္တရာယ်ကင်းကင်း ပြန်လည် ဆင်းသက်လာခဲ့ပြီ ဖြစ်ပါတယ်။
အာကာသယာဉ်မှူး ၄ ဦးကို တင်ဆောင်လာတဲ့ Artemis IIဟာ ဧပြီ ၁၀ ရက်နေ့မှာ ကမ္ဘာ့လေထုထဲကို ပြန်လည် ဝင်ရောက်လာခဲ့ပြီး ပစိဖိတ် သမုဒ္ဒရာထဲကို လေထီးနဲ့ ကျဆင်းလာနိုင်ခဲ့ပါတယ်။ Artemis IIဟာ သမိုင်းတလျှောက်မှာ လူသားတွေ အာကာသထဲ အနက်ရှိုင်းဆုံး အကွာအဝေးထိ သွားရောက်ခဲ့တဲ့ စံချိန်၊ ကမ္ဘာရဲ့ ပိုဝေးတဲ့ တစ်ဖက်ခြမ်းမှာရှိတဲ့ လမျက်နှာပြင်ဆီ လူသားတွေ ပထမဆုံး သွားရောက်ဖူးတဲ့ မှတ်တမ်းတွေကို ယူဆောင်လာနိုင်ခဲ့ပါတယ်။
ပြီးတော့ ၂၀၂၈ ခုနှစ်မှာ လမျက်နှာပြင်ပေါ် လူသားတွေ ခြေချ ဆင်းသက်ကြမယ့် နာဆာရဲ့ ရည်မှန်းချက် ကြီးမားတဲ့ မစ်ရှင်အတွက် hardwareဆိုင်ရာ မာကျောမှုနဲ့ ခံနိုင်ရည်တွေကို စစ်ဆေးတဲ့ မစ်ရှင်လည်း ဖြစ်လာခဲ့ပါတယ်။ Artemis IIပေါ်မှာတော့ အမေရိကန် အာကာသယာဉ်မှူး ၃ ဦးနဲ့ ကနေဒါ ၁ ဦးတို့ စီးနင်းလိုက်ပါခဲ့ကြပါတယ်။
ကမ္ဘာကို ပြန်လည် ရောက်ရှိလာချိန်မှာ ယာဉ်မှူး ၄ ဦးစလုံး ကျန်းကျန်းမာမာနဲ့ ပျော်ပျော်ရွှင်ရွှင် ရှိနေခဲ့ကြောင်း နာဆာက ထုတ်ပြန်ခဲ့ပါတယ်။ နာဆာရဲ့ အခု အာကာသ မစ်ရှင် စီမံကိန်း ဒါရိုက်တာ ဟောင်းဝပ်ဟူက လူသားတွေရဲ့ အာကာသ စူးစမ်းလေ့လာမှု သိပ္ပံပညာရပ် သမိုင်းကြောင်းမှာ ထူးကဲလှတဲ့ နေ့သစ်တစ်ခုကို ပိုင်ဆိုင်လာပြီဖြစ်ကြောင်း ကြွေးကြော်ခဲ့ပါတယ်။

Public Service Announcement
နာဆာရဲ့ အာကာသယာဉ် ကမ္ဘာမြေ ပြန်လည်ဆင်းသက်ရေး ကွပ်ကဲမှု ဒါရိုက်တာ ရစ်ခ်ဟက်ဖ်လင်းက Artemis IIဟာ စုစုပေါင်း ၇၀၀၂၃၇ မိုင်ထိ ပျံသန်းခဲ့ပြီး အမြင့်ဆုံး မြန်နှုန်းမှာတော့ တစ်နာရီကို ၂၄၆၆၄ မိုင်နှုန်းထိ ရောက်ရှိခဲ့တယ်လို့ ပြောပါတယ်။
လက်ရှိမှာတော့ ဦးစားပေး လုပ်ဆောင်မယ့် အဆင့်က ဂုဏ်ယူစရာ စွမ်းဆောင်ရည်တွေနဲ့အတူ ပြန်လာတဲ့ ယာဉ်မှူး ၄ ဦးကို မိသားစုဆီ အမြန်ဆုံး ပြန်လည်ပို့ဆောင်ပေးဖို့ဖြစ်ကြောင်း နာဆာက ကြေညာပါတယ်။
အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကလည်း ထူးကဲပြီး အရည်အချင်း ပြည့်ဝတဲ့ Artemis II အဖွဲ့သားတွေကို ဂုဏ်ပြုကြောင်း၊ သူတို့ရဲ့ ခရီးစဉ် တစ်ခုလုံးက ခမ်းနားဆန်းကြယ်လွန်းပြီး အောင်အောင်မြင်မြင်နဲ့ ပြန်လည် ဆင်းသက်လာနိုင်ခဲ့ကြောင်း၊ အမေရိကန် သမ္မတ အနေနဲ့ သူဟာ ပြောမပြတတ်လောက်အောင် ဂုဏ်ယူနေမိကြောင်း၊ မကြာခင် အားလုံးကို အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ စိတ်စောနေမိကြောင်း၊ နောက်တစ်ဆင့် အနေနဲ့ မားစ်ဂြိုဟ်ထိ အရောက်သွားနိုင်ဦးမှာဖြစ်ကြောင်း လူမှုကွန်ရက် မီဒီယာ Truthမှာ ရေးသားထားခဲ့ပါတယ်။
Artemis IIဟာ အာကာသထဲမှာ ၁၀ ရက်ကြာ ခရီးနှင်ခဲ့ပါတယ်။ ဒါဟာ ၁၉၇၂ ခုနှစ်တုန်းက Apollo 17 မစ်ရှင် အောင်မြင်ပြီးနောက်ပိုင်း လူသားတွေ လဆီသွားပြီး ကမ္ဘာကို အောင်အောင်မြင်မြင် ပြန်ရောက်လာတဲ့ ပထမဆုံး မစ်ရှင်လည်း ဖြစ်လာပါတယ်။
ကိုးကား: BBC
ဓာတ်ပုံ – NASA




















































