Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Artemis II အာကာသယာဉ်မှူးတွေကို ပင်လယ်ထဲမှာ သွားရောက်ခေါ်ယူတဲ့ ဗီဒီယို အသစ်ကို နာဆာထုတ်ပြန်

လူကို သွားရောက် စူးစမ်းခဲ့တဲ့ သမိုင်းဝင် အာကာသ မစ်ရှင်အပြီး Artemis II အာကာသယာဉ်နဲ့အတူ ယာဉ်မှူး ၄ ဦး ကမ္ဘာမြေဆီ ပြန်ရောက်လာတဲ့ ဗီဒီယို အသစ်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန်လိုက်ပါတယ်။

ဧပြီ – ၁၆ ၊၂၀၂၆

လူကို သွားရောက် စူးစမ်းခဲ့တဲ့ သမိုင်းဝင် အာကာသ မစ်ရှင်အပြီး Artemis II အာကာသယာဉ်နဲ့အတူ ယာဉ်မှူး ၄ ဦး ကမ္ဘာမြေဆီ ပြန်ရောက်လာတဲ့ ဗီဒီယို အသစ်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ထုတ်ပြန်လိုက်ပါတယ်။

အဲဒီ ဗီဒီယိုထဲမှာတော့ ပစိဖိတ် သမုဒ္ဒရာထဲကို လေထီးနဲ့အတူ ကျဆင်းသွားခဲ့တဲ့ အာကာသယာဉ် ကပ်ဆူးလ် အခန်းငယ်ရဲ့ တံခါးကို ပြင်ပက အဖွဲ့သားတွေက သွားရောက် ဖွင့်ပေးပြီး ယာဉ်မှူး ၄ ဦးကို ကြိုဆိုခဲ့ကြပုံကို စိတ်လှုပ်ရှား ပျော်ရွှင်စရာ တွေ့ခဲ့ရပါတယ်။

တံခါးကို ဖွင့်လိုက်ချိန်မှာ ယာဉ်ရဲ့ အတွင်းဖက်မှာရော၊ အပြင်ဖက်မှာ ရှိနေသူတွေကပါ ကောင်းချီးပေး အော်ဟစ်လိုက်ကြသလို အပြန်အလှန် လက်ဆွဲတွေ နှုတ်ဆက်ကြ၊ ဆုမွန်ကောင်းတောင်းကြနဲ့ ဆူဆူညံညံ ရှိနေခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ ခရစ္စတီယာနာ ကော့ချ်၊ ဗစ်တာ ဂလိုဗာ၊ ဂျရမီဟန်ဆန်နဲ့ ရိဒ်ဝိုက်စ်မန်းတို့ ၄ ဦးကို ရွှေ့ပြောင်းရေး အဖွဲ့တွေက အာကာသယာဉ်ထဲက ထွက်လာနိုင်အောင် ကူညီပေးခဲ့ကြပါတယ်။

Artemis IIဟာ ၁၀ ရက်လောက် ကြာမြင့်ခဲ့တဲ့ ခရီးစဉ်အပြီး ဧပြီလ ၁၀ ရက်နေ့မှာ ကမ္ဘာ့လေထုထဲ ပြန်လည် ဝင်ရောက်လာနိုင်ခဲ့သလို ကြိုတင် စီစဉ်ထားတဲ့အတိုင်း ပစိဖိတ် သမုဒ္ဒရာ ရေပြင်တစ်နေရာမှာ ကျဆင်းလာခဲ့ပါတယ်။

အဲဒီ ခရီးစဉ် အတောအတွင်း Artemis IIဟာ အာကာသ ဟင်းလင်းပြင်းထဲ စံချိန်တင် အဝေးလံဆုံး ခရီးအကွာအဝေးထိ ပျံသန်းခဲ့သလို လရဲ့ ကမ္ဘာနဲ့ ပိုဝေးတဲ့ဖက်ခြမ်း မျက်နှာပြင်ကိုလည်း ပထမဆုံးအကြိမ် မှတ်တမ်းတင် ဓာတ်ပုံရိုက်ယူလာနိုင်ခဲ့ပါတယ်။ Artemis IIဟာ ကမ္ဘာကနေ ၄၀၆၇၇၁ ကီလိုမီတာ အကွာအဝေးထိ ရောက်ရှိအောင် ခရီးနှင်နိုင်ခဲ့ပါတယ်။

Artemis IIဟာ ၂၀၂၈ ခုနှစ်မှာ လူသားတွေ လမျက်နှာပြင်ပေါ် တကျော့ပြန် ဆင်းသက်စေဖို့ နာဆာက စီစဉ်ထားတဲ့ မစ်ရှင်ရဲ့ ကနဦး ခြေလှမ်းလည်း ဖြစ်ပါတယ်။

အာကာသယာဉ် ကမ္ဘာပေါ်ကို ပြန်လည် ကျဆင်းလာပုံကို နာဆာက တိုက်ရိုက် ထုတ်လွှင့်ခဲ့ပြီး ဧပြီလ ၁၅ ရက်နေ့မှာတော့ ယာဉ်ရဲ့ တံခါးအဖုံးကို ဆွဲဖွင့်ပြီး ယာဉ်မှူး ၄ ဦးကို ကြိုဆိုတဲ့ မှတ်တမ်း ဗီဒီယိုပါ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယာဉ်မှူး ဝိုက်စ်မန်းက အာကာသယာဉ် ရေပြင်ပေါ် ကျမလာခင် ရေဒီယိုနဲ့ သတင်းပေးပို့ရာမှာ ယာဉ်ရဲ့ ဟန်ချက်က တည်တည်ငြိမ်ငြိမ် ရှိနေပြီး ယာဉ်မှူးအားလုံး အခြေအနေ ကောင်းတယ်လို့ အတည်ပြုခဲ့ပါတယ်။

ရေထဲမှာ ယာဉ်ကို ဟန်ချက် တည်ငြိမ်နေအောင် ရေတပ် ရေငုပ်သမားတွေက လေဘောလုံးတွေနဲ့ ချိတ်ပေးပြီးတဲ့နောက် လိမ္မော်ရောင် ဝတ်စုံနဲ့ ယာဉ်မှူးတွေကို လေမှုတ်သွင်းထားတဲ့ ရာဘာဖောင် တစ်ခုဆီ ရွှေ့ပြောင်းပေးခဲ့ကြပါတယ်။

အဲဒီနောက် အနီးမှာရှိတဲ့ အမေရိကန် ရေတပ် သယ်ယူပို့ဆောင်ရေး ရေယာဉ်တစ်စီးဆီကို တစ်ဦးချင်းစီ ရဟတ်ယာဉ်တွေနဲ့ ပို့ဆောင်ပေးခဲ့ပြီး လိုအပ်တဲ့ ဆေးစစ်မှုတွေ ခံယူစေခဲ့တာ ဖြစ်ပါတယ်။

နာဆာဟာ ၁၉၆၀ နဲ့ ၇၀ ပြည့်လွန်နှစ်တွေအတွင်း ဆိုဗီယက် ယူနီယံနဲ့ ပြိုင်ဆိုင်ခဲ့တဲ့ Apollo အာကာသ မစ်ရှင်တွေနောက်ပိုင်း လကို စူးစမ်းလေ့လာဖို့ ရည်ရွယ်ထားတဲ့ Artemis မစ်ရှင်ကို ပြန်လည် စတင်လာတာ ဖြစ်ပါတယ်။

ကိုးကား ၊ ရုပ်သံ – NASA Artemis

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS)မှာ လေယိုစိမ့်မှု တစ်ခုကို အကြောင်းပြုပြီး အာကာသယာဉ်မှူးတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ အသင့်အနေအထား ပြင်ဆင်ခိုင်းထားရတဲ့ထိ အရှုပ်အထွေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

နိုင်ငံတကာ

ဆယ်စုနှစ်ဝက်ကျော် ကာလအတွင်း လူလိုက်ပါပြီး လဆီကို ဦးတည်ပျံသန်းတဲ့ အာကာသ မစ်ရှင်တစ်ခုကို အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က လွှတ်တင်ခဲ့ပါတယ်။

သတင်း

အာကာသယာဉ်မှာ ထိခိုက်မှု အနည်းအကျဉ်း ရှိခဲ့တယ်လို့ ယုံကြည်ရတဲ့ အခြေအနေကြောင့် တရုတ် အာကာသ ယာဉ်မှူးတွေရဲ့ ကမ္ဘာမြေ အပြန်ခရီးစဉ်ကို ယာယီ ဆိုင်းငံ့ထားလိုက်ရကြောင်း သိရပါတယ်။

နိုင်ငံတကာ

အာကာသထဲကနေ ပြန်လာဖို့ ၉ လလောက် ကြန့်ကြာနေခဲ့တဲ့ အာကာသ ယာဉ်မှူးနှစ်ဦးကို တင်ဆောင်လာတဲ့ အာကာသယာဉ်ဟာ ပင်လယ်ပြင်ကို ကျဆင်းလာခဲ့တဲ့နောက် လင်းပိုင်လေးတွေက အနားမှာလာပြီး စူးစမ်း စပ်စုခဲ့ကြပါတယ်။