အပြည်ပြည်ဆိုင်ရာ အာကာသစခန်း (ISS)မှာ လေယိုစိမ့်မှု တစ်ခုကို အကြောင်းပြုပြီး အာကာသယာဉ်မှူးတွေကို အရေးပေါ် ရွှေ့ပြောင်းဖို့ အသင့်အနေအထား ပြင်ဆင်ခိုင်းထားရတဲ့ထိ အရှုပ်အထွေးတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ISSမှာ ရုရှားက လာရောက် ချိတ်ဆက်ထားတဲ့ ကိုယ်ထည် အပိုင်းတစ်ခုမှာ အရမ်းသေးငယ်တဲ့ အက်ကြောင်းလေး တစ်ခုကနေ လေယိုစိမ့်မှုတွေ ဖြစ်နေတာ ၆ နှစ်လောက် ကြာခဲ့ပြီး ဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ အဲဒီ အက်ကြောင်းလေးကနေ ပျမ်းမျှ တစ်နေ့ကို လေ တစ်ပေါင်စာလောက် စိမ့်ထွက်နေပြီး အခုသီတင်းပတ် အစောပိုင်းမှာတော့ လေယိုစိမ့်မှုက ပိုဆိုးလာခဲ့ပါတယ်။ ပြီးတော့ ပုံမှန်နှုန်းထက် နှစ်ဆတိုးပြီး တစ်နေ့ကို နှစ်ပေါင်လောက် လေယိုစိမ့်လာတဲ့အတွက် ရုရှား အာကာသယာဉ်မှူး ၂ ဦးက ဇွန်လ ၅ ရက်နေ့မှာ စစ်ဆေးမှုတွေနဲ့ အရေးပေါ် ပြင်ဆင်မှုတွေ လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ အမေရိကန် ယာဉ်မှူးတွေကတော့ ရုရှားတွေ အသုံးပြုမယ့် နည်းလမ်းက အန္တရာယ် များလွန်းတယ်လို့ ယူဆပြီး ကန့်ကွက်ခဲ့ကြပါတယ်။
ကနဦးမှာ ညှိနှိုင်းမရ ဖြစ်ခဲ့တဲ့နောက် အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က အမေရိကန် ယာဉ်မှူး ၅ ဦးကို SpaceXရဲ့ Dragon အာကာသယာဉ်ထဲ ပြောင်းရွှေ့နေစေပြီး လိုအပ်လာရင် ထွက်ခွာဖို့ အသင့်အနေအထား စီစဉ်ခိုင်းထားခဲ့ပါတယ်။ နောက်တော့ ရုရှား ယာဉ်မှူးတွေက အဲဒီ ယိုစိမ့်မှုဟာ ပြဿနာ အရမ်းမကြီးသေးဘဲ အရေးပေါ် ပြင်ဆင်စရာ မလိုဘူးလို့ လက်ခံလိုက်တဲ့အတွက် နာဆာက Safe Haven Configurationကို ရုပ်သိမ်းခဲ့ပါတယ်။ Safe Haven Configuration ဆိုတာက ISSမှာ ဆိုးရွားတဲ့ ကိစ္စတစ်ခုခု ကြုံတွေ့ပြီး ပျက်စီးတော့မယ်ဆိုရင် အာကာသ ယာဉ်မှူးတွေ ကမ္ဘာဆီ ချက်ချင်း ပြန်လာနိုင်အောင် စီစဉ်ထားတဲ့ စနစ် ဖြစ်ပါတယ်။
အဲဒီ အရေးပေါ် အခြေအနေ ထုတ်ပြန်ထားချိန် အတောအတွင်းမှာ အမေရိကန် ယာဉ်မှူးတွေဟာ သူတို့အတွက် စီစဉ်ပေးထားတဲ့ နေရာတွေမှာ အသင့်သွားထိုင်နေပြီး ထိုင်ခုံခါးပတ်တွေပါ ပတ်ထားရင်း ထွက်ခွာဖို့ ပြင်ဆင်ထားခဲ့ကြပါတယ်။

Public Service Announcement
လေယိုစိမ့်မှု ပိုဆိုးလာတဲ့အတွက် ရုရှား အာကာသ ယာဉ်မှူးတွေက လျှပ်စစ်လွှ တစ်ခုကိုသုံးပြီး ယိုစိမ့်မှု ဖြစ်နေတဲ့ နေရာမှာ သွားရောက်ပြင်ဆင်ဖို့ စီစဉ်ခဲ့ပြီး နာဆာရဲ့ ယာဉ်မှူးတွေကတော့ အဲဒီ လုပ်ရပ်ဟာ အကြမ်းပတမ်းဆန်ကြောင်း၊ ISSမှာ ရုတ်တရက် ဖိအားပြောင်းလဲတာမျိုး အခြေအနေဆိုးတွေ ဖြစ်လာနိုင်ကြောင်း ယူဆတဲ့အတွက် ကန့်ကွက်ခဲ့ကြပါတယ်။ အဆုံးသတ်မှာတော့ နှစ်ဖက် ညှိနှိုင်းပြီး လျှပ်စစ်လွှ သုံးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားဖို့ သဘောတူညီမှု ရခဲ့ကြပါတယ်။
ရုရှားယာဉ်မှူးတွေဟာ အက်ကြောင်းကနေ အဓိက ယိုစိမ့်မှု ဖြစ်နေတဲ့ နေရာနှစ်ခုကို ယာယီ ဖြေရှင်းမှု နည်းလမ်းတွေနဲ့ ပိတ်ထားခဲ့ပြီး လောလောဆယ် ဒီပြဿနာဟာ အန္တရာယ် ကြီးကြီးမားမား မရှိကြောင်း၊ အခြေအနေကို ဆက်လက် လေ့လာပြီး ပြန်သုံးသပ်သင့်ကြောင်း ယာဉ်မှူး ၇ ဦးစလုံး လက်ခံခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ နာဆာက ရုရှား အမျိုးသား အာကာသ အေဂျင်စီ (ရော့စ်ကိုမော့စ်)နဲ့ ပူးပေါင်းပြီး အခု ယိုစိမ့်မှု ပြဿနာကို အဖြေရှာဖို့ ဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
ISSမှာတော့ အာကာသ အမှိုက်တွေ လာရောက် ထိခိုက်နိုင်တာမျိုး အခြေအနေတွေမှာ ယာဉ်မှူးတွေကို အကာအကွယ်ယူဖို့ ညွှန်ကြားတာမျိုး ဖြစ်စဉ်တွေ အရင်က ရှိခဲ့ဖူးပါတယ်။ ဥပမာ ၂၀၂၄ ခုနှစ်တုန်းက ရုရှားရဲ့ အသုံးမပြုတော့တဲ့ Resurs-P1 ဂြိုဟ်တုဟာ မျှော်လင့်မထားဘဲ နှစ်ပိုင်းကျိုးပြီး အာကာအမှိုက် အစိတ်အပိုင်း ၁၀၀ ကျော်ကို ပြန့်ကြဲသွားစေတဲ့နောက် ISSက ယာဉ်မှူး ၉ ဦးကို ဘေးကင်းအောင် အကာအကွယ်တွေ ယူထားကြဖို့ ညွှန်ကြားခဲ့ရဖူးပါတယ်။
ကိုးကား: Guardian


















































