အာကာသထဲကနေ ပြန်လာဖို့ ၉ လလောက် ကြန့်ကြာနေခဲ့တဲ့ အာကာသ ယာဉ်မှူးနှစ်ဦးကို တင်ဆောင်လာတဲ့ အာကာသယာဉ်ဟာ ပင်လယ်ပြင်ကို ကျဆင်းလာခဲ့တဲ့နောက် လင်းပိုင်လေးတွေက အနားမှာလာပြီး စူးစမ်း စပ်စုခဲ့ကြပါတယ်။
အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က မတ်လ ၁၈ ရက်နေ့၊ ဖလော်ရီဒါ ကမ်းလွန် ရေပြင်မှာ Dragon အာကာသယာဉ်ငယ် ကျဆင်းခဲ့တဲ့နောက် အနီးတဝိုက်မှာ လင်းပိုင်တစ်အုပ် လှည့်လည် ကူးခတ်နေတဲ့ ဗီဒီယို တစ်ခုကို လူမှုကွန်ရက်ပေါ်မှာ တင်ထားခဲ့ပြီး ‘ကြိုစီစဉ်မထားတဲ့ ကြိုဆိုရေးအဖွဲ့’လို့ အရွှန်းဖောက် ရေးသားထားခဲ့ပါတယ်။
ဆွန်နီ ဝီလီယမ်စ်နဲ့ ဘတ်ချ်ဝီလ်မောတို့ဟာ နိုင်ငံတကာ အာကာသစခန်း (ISS)မှာ ၂၈၅ ရက်ကြာအောင် သောင်တင်နေခဲ့ရာက ကမ္ဘာမြေကို ပြန်လည် ရောက်ရှိလာတာ ဖြစ်ပါတယ်။ သူတို့နဲ့အတူ နာဆာရဲ့ အာကာသယာဉ်မှူး နစ်ဟေ့ဂ်နဲ့ ရုရှား နက္ခတ်ဗေဒ ပညာရှင် အလက်ဇန္ဒား ဂေါ်ဘူနော့ဗ်တို့ဟာ Space Xကုမ္ပဏီရဲ့ Dragon အာကာသ ယာဉ်ငယ်နဲ့ စီးနင်းလိုက်ပါလာပြီး အဲဒီယာဉ်ငယ်က ပင်လယ်ထဲကို လေထီးနဲ့ ညင်ညင်သာသာ ဆင်းသက်နိုင်ခဲ့တာပါ။
အာကာသယာဉ်မှူးတွေကို သွားခေါ်တဲ့ နာဆာအဖွဲ့သားတွေ ရောက်သွားတဲ့အချိန် Dragon ယာဉ်ငယ်တဝိုက်မှာ လင်းပိုင်တစ်အုပ်က သူတို့အတွက် အစိမ်းသက်သက် ဖြစ်နေတဲ့ မမြင်ဖူးတဲ့ အရာကို စူးစမ်းရင်း လှည့်ပတ်ကူးခတ်နေတာကို တွေ့ခဲ့ရတာပါ။

Public Service Announcement
ဉာဏ်ရည်မြင့်မားပြီး လူသားတွေနဲ့ ယဉ်ပါးလေ့ရှိတဲ့ နို့တိုက်သတ္တဝါမျိုးစိတ် လင်းပိုင်တွေဟာ ဖလော်ရီဒါ ကမ်းလွန်ပင်လယ်ပြင်မှာ သဘာဝအတိုင်း အုပ်စုဖွဲ့ ကျက်စားလေ့ ရှိကြပါတယ်။
အသက် ၅၉ နှစ်အရွယ် ဝီလီယမ်စ်နဲ့ အသက် ၆၂ နှစ်အရွယ် ဝီလ်မောတို့ဟာ မစ်ရှင်တစ်ခုအတွက် Starline အာကာသယာဉ်နဲ့ ISSကို လိုက်ပါသွားခဲ့ပြီး ၈ ရက် အကြာမှာ ကမ္ဘာကို ပြန်ဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှု တစ်ခုကြောင့် အပြန်ခရီးမှာ လူလိုက်ပါရင် အန္တရာယ် ရှိနိုင်တယ်လို့ ဆုံးဖြတ်ခဲ့ပြီး Starlinerက လူမပါဘဲ ကမ္ဘာဆီ ပြန်ခဲ့သလို သူတို့နှစ်ယောက်ဟာ ၂၀၂၄ ဇွန်လ ၅ ရက်ကစပြီး ISSမှာ သောင်တင်နေခဲ့တာ ဖြစ်ပါတယ်။
၉ လတာအတွင်း သူတို့အတွက် လိုအပ်မယ့် ရိက္ခာ၊ ရေနဲ့ အောက်စီဂျင်တွေကိုတော့ ကမ္ဘာကနေပြီး လူမဲ့ အာကာသယာဉ်တွေ အသုံးပြု ပို့ဆောင်ပေးခဲ့ပါတယ်။ မျှော်လင့်မထားတဲ့ အခြေအနေ တစ်ခုကြောင့် ISSမှာ လတွေနဲ့ချီ ပိတ်မိနေခဲ့တဲ့နောက် သူတို့နှစ်ဦးဟာ Dragon အာကာသ ယာဉ်ငယ်နဲ့အတူ ၁၇ နာရီကြာ ခရီးစဉ်ကို ဖြတ်သန်းပြီး ကမ္ဘာဆီ အောင်အောင်မြင်မြင် ပြန်ရောက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ကိုးကား: NASA
