အစ္စရေးနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် အရာရှိတွေကို လက်ဆွဲနှုတ်ဆက်စေဖို့ ကြိုးစားခဲ့တဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ) ဥက္ကဋ္ဌ ဂျီယန်နီ အင်ဖန်တီနိုရဲ့ အားထုတ်မှုဟာ မအောင်မြင်ခဲ့ဘဲ ကို့ယို့ကားယား အခြေအနေတစ်ခုနဲ့ အဆုံးသတ်သွားပါတယ်။
ဧပြီ ၃၀ ရက်နေ့က ၇၆ ကြိမ်မြောက် ဖီဖာညီလာခံ အပိတ်နေ့မှာ အင်ဖန်တီနိုဟာ သူ့ရဲ့ရာထူး တတိယ သက်တမ်းအတွက် ပါဝင်ယှဉ်ပြိုင်မယ့်အကြောင်း ကြေညာခဲ့ပါတယ်။ အဲဒီလို မကြေညာခင်မှာ သူဟာ ခါးသီးတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့တဲ့ အစ္စရေးနဲ့ ပါလက်စတိုင်းကြား လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်မျိုးကို ဖန်တီးပြဖို့ ရည်ရွယ်ခဲ့ဟန်ရှိကြောင်း အကဲခတ်တွေက ပြောပါတယ်။
သူက ကနေဒါနိုင်ငံ၊ ဗန်ကူးဗားမြို့မှာ ကျင်းပခဲ့တဲ့ အခမ်းအနားရဲ့ စင်မြင့်ပေါ်ကို အစ္စရေး ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဘာဆင်မ် ရှိတ်ခ် ဆူလီမန်၊ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဂျီဘရီလ် ရာဂျူဘ်တို့ အတူတက်လာအောင် ဖိတ်ခေါ်ခဲ့ပါတယ်။ ဒါပေမဲ့ ရာဂျူဘ်က သူဟာ ဆူလီမန်နဲ့ စင်မြင့်တစ်ခုတည်း အတူမရပ်လိုကြောင်း ငြင်းဆိုခဲ့တာကြောင့် အင်ဖန်တီနိုရဲ့ အစီအစဉ်က ကမောက်ကမတွေ ဖြစ်သွားခဲ့ပါတယ်။ အင်ဖန်တီနိုက ရာဂျူဘ်ကို လက်ကမ်းပြီး အနီးကို တိုးကပ်လာဖို့ ကိုယ်အမူအယာ ပြခဲ့ပေမယ့် ပါလက်စတိုင်း အရာရှိက လုံးဝ မလိုက်လျောခဲ့ပါဘူး။
လေ့လာသူတွေကတော့ အင်ဖန်တီနိုဟာ သူ့ရဲ့ ဖီဖာဥက္ကဋ္ဌ ရာထူးအတွက် ထပ်မံ ယှဉ်ပြိုင်မယ့် အစီအစဉ်ကို အစ္စရေးနဲ့ ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ သူ့ရှေ့မှာ လက်ဆွဲနှုတ်ဆက်နေတဲ့ ပုံရိပ်မျိုးနဲ့ ကြေညာချင်ခဲ့ပုံ ပေါ်ပေမယ့် မှန်းချက်နဲ့ နှမ်းထွက်မကိုက် ဖြစ်သွားပုံ ရတယ်လို့ သုံးသပ်ကြပါတယ်။

Public Service Announcement
ဖီဖာ ဥက္ကဋ္ဌသစ်ကို လာမယ့်နှစ်ကျရင် မော်ရိုကိုနိုင်ငံ၊ ရာဘတ်မြို့မှာ ကျင်းပမယ့် ဖီဖာ ညီလာခံမှာ ရွေးချယ်မှာဖြစ်ပြီး အင်ဖန်တီနိုကို ခြိမ်းခြောက်နိုင်မယ့် ပြိုင်ဘက်မျိုးတော့ မရှိပါဘူး။
နောက်နှစ်မှာ သူဟာ ဖီဖာ ဥက္ကဋ္ဌ ရာထူးအတွက် ပါဝင်ယှဉ်ပြိုင်မယ်ဆိုတာ အတည်ပြုချင်ကြောင်း၊ ဒီသတင်းကို အခမ်းအနားမှာ ရှိနေတဲ့ ပုဂ္ဂိုလ်တွေဆီ အရင်ဆုံး အသိပေးချင်ခဲ့ကြောင်း၊ အားလုံးရဲ့ ထောက်ခံအားပေးမှုအတွက် ကျေးဇူးတင်ကြောင်း အင်ဖန်တီနိုက ပြောကြားခဲ့ပါတယ်။
သူဟာ အပြည်ပြည်ဆိုင်ရာ နိုင်ငံရေးသမား တစ်ဦးရဲ့ ပုံရိပ်မျိုးကို တည်ဆောက်ဖို့ ကြိုးစားနေခဲ့ပေမယ့် ရာဂျူဘ်နဲ့ ဆူလီမန်တို့ရဲ့ ဖြစ်စဉ်အရ သူ့ရဲ့ သံတမန်ရေး စွမ်းအားဟာ အများကြီး အကန့်အသတ် ရှိနေသေးတယ် ဆိုတာကို ထင်ရှား မြင်သာသွားစေပါတယ်။ သူဟာ မနှစ်တုန်းကလည်း ဖီဖာ ငြိမ်းချမ်းရေးဆုကို ဖန်တီးခဲ့ပြီး အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ကို ချီးမြှင့်ခဲ့တာကြောင့် လှောင်ပြောင် ဝေဖန်မှုတွေ ခံခဲ့ရပါတယ်။
သူ့ရဲ့ အားထုတ်မှုကို ရာဂျူဘ်က အပြတ်ငြင်းဆိုမယ်မှန်း သေချာသွားချိန်မှာ အင်ဖန်တီနိုက အစ္စရေး-ပါလက်စတိုင်း တင်းမာမှုကို ရည်ညွှန်းပြီး ကလေးတွေကို မျှော်လင့်ချက်တွေ ဖန်တီးပေးဖို့ အကုန်လုံး အတူတကွ စုပေါင်းလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုကြောင်း၊ ကိစ္စတွေက ရှုပ်ထွေးနေကြောင်း ပြောကြားခဲ့ပါတယ်။
အင်ဖန်တီနိုက ဖိတ်ခေါ်ချိန်မှာ ရာဂျူဘ်က ဘယ်လို အကြောင်းပြချက်နဲ့ ငြင်းခဲ့သလဲလို့ Reuters သတင်းဌာနက ပါလက်စတိုင်း ဘောလုံးအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဆူဆန် ရှာလာဘီကို မေးမြန်းခဲ့ပါတယ်။ အဲဒီအခါ ရှာလီဘာက ‘အစ္စရေးရဲ့ ဖက်ဆစ်ဝါဒနဲ့ လူမျိုးသုဉ်း သတ်ဖြတ်မှုတွေကို အများအမြင်မှာ ဆေးကြော သန့်စင်ပေးမယ့် ဘယ်သူ့ကိုမှ လက်ဆွဲ မနှုတ်ဆက်နိုင်ကြောင်း၊ ပါလက်စတိုင်းဟာ နစ်နာသူတွေဖြစ်ကြောင်း’ ရာဂျူဘ်က အင်ဖန်တီနိုကို ပြောဆိုခဲ့ကြောင်း ဖြေကြားသွားပါတယ်။
ကိုးကား: Guardian
















































