အမေရိကန်က လေကြောင်းပြပွဲ တစ်ခုမှာ တိုက်လေယာဉ်နှစ်စီး လေထဲမှာ တိုက်မိပြီး ပျက်ကျခဲ့ကြကြောင်း သိရပါတယ်။
မေလ ၁၇ ရက်နေ့တုန်းက အီဒါဟိုပြည်နယ်ထဲက Gunfighter Sikes လေကြောင်းပြပွဲမှာ မတော်တဆမှု ဖြစ်ခဲ့ပြီး လေယာဉ်မှူးတွေကတော့ လေထီးနဲ့ ဘေးကင်းကင်း ခုန်ထွက်နိုင်ခဲ့ကြပါတယ်။
မြေပြင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေ အရတော့ ရေတပ်ရဲ့ EA-18 တိုက်လေယာဉ် နှစ်စီးဟာ နီးနီးကပ်ကပ် စွမ်းရည်ပြ ပျံသန်းရာက အချင်းချင်း ငြိမိသွားခဲ့ပြီး ပူးလျက်သား မြေပြင်ပေါ် ထိုးစိုက်ဆင်းပြီး မီးလောင် ပေါက်ကွဲသွားတာကို တွေ့ခဲ့ရပါတယ်။
လေယာဉ်နှစ်စီး ငြိမိတဲ့ အချိန်မှာပဲ လေယာဉ်မှူး ၄ ဦးစလုံးဟာ လေထီးတွေနဲ့ ခုန်ထွက် လွတ်မြောက်သွားတာကိုလည်း ဗီဒီယိုထဲမှာ တွေ့ခဲ့ရပါတယ်။ လေယာဉ်မှူးအားလုံး မြေပြင်ကို ဘေးကင်းကင်းနဲ့ ဆင်းသက်နိုင်ခဲ့တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

Public Service Announcement
အယ်လ်မော ခရိုင်ထဲက Mountain Home လေတပ်စခန်းနားမှာ တိုက်လေယာဉ်နှစ်စီး မတော်တဆမှုဖြစ်ပြီး ပျက်ကျခဲ့ကြောင်း လေကြောင်းပြပွဲ ဝက်ဘ်ဆိုက်မှာလည်း ထုတ်ပြန်ထားပါတယ်။
အခင်းဖြစ်တဲ့ နေရာဆီကို ကယ်ဆယ်ရေး အဖွဲ့တွေ အဆောတလျင် သွားရောက်ခဲ့ကြောင်း၊ နောက်ဆက်တွဲ စုံစမ်းမှုတွေကိုလည်း စတင်လုပ်ဆောင်နေကြောင်း ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
နှစ်စဉ် ကျင်းပပြီး စစ်လေယာဉ်တွေရဲ့ စွမ်းဆောင်ရည်တွေကို ပြသလေ့ရှိတဲ့ Gunfighter Sikes လေကြောင်းပြပွဲမှာ မတော်တဆမှု ကြုံရတာ ၂၀၁၈ နောက်ပိုင်း ပထမဆုံး ဖြစ်ပါတယ်။ အဲဒီတုန်းကတော့ ဂလိုက်ဒါ စီးနင်းသူတစ်ဦး အသက်ဆုံးရှုံးခဲ့ဖူးပါတယ်။
အခု တိုက်လေယာဉ်နှစ်စီး ပျက်ကျခဲ့တဲ့ ဖြစ်စဉ်အပြီးမှာတော့ လေကြောင်းပြပွဲကို ဖျက်သိမ်းခဲ့ရပြီး လေတပ်စခန်းကိုလည်း ယာယီ ပိတ်ထားလိုက်ပါတယ်။
အမေရိကန် ပစိဖိတ် ရေတပ်မရဲ့ လေကြောင်းတိုက်ခိုက်ရေးယူနစ် ပြောရေးဆိုခွင့်ရ အရာရှိ အမ်မလီယာ အူမာယမ်က ဝါရှင်တန်မှာရှိတဲ့ ဝှစ်ဒ်ဘေးအိုင်းလန်းမှာ အခြေစိုက်ထားတဲ့ ရေတပ်ရဲ့ EA-18-G Growler တိုက်လေယာဉ်တွေဟာ လေကြောင်းပြပွဲမှာ ပါဝင်ပျံသန်းခဲ့ကြောင်း ပြောကြားထားပါတယ်။
ကိုးကား: AFP


















































