Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ကြား တိုက်ခိုက်မှုတွေ ရပ်ဖို့ သဘောတူ

အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်နေမှုတွေကို ရပ်ဖို့ ပြည်တွင်းအခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့က သဘောတူ လက်ခံခဲ့ကြောင်း လက်ဘနွန် အစိုးရက ပြောပါတယ်။

ဓာတ်ပုံ - AP

အစ္စရေးနဲ့ အပြန်အလှန် တိုက်ခိုက်နေမှုတွေကို ရပ်ဖို့ ပြည်တွင်းအခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့က သဘောတူ လက်ခံခဲ့ကြောင်း လက်ဘနွန် အစိုးရက ပြောပါတယ်။

အစ္စရေးနဲ့ လက်ဘနွန် အစိုးရတွေကြား အပစ်ရပ်ထားပေမယ့် အီရန်ရဲ့ မဟာမိတ် ပြောက်ကျားအဖွဲ့ကတော့ ကနဦးမှာ အဲဒီ သဘောတူညီချက်ကို အသိအမှတ် မပြုဘဲ အစ္စရေးတပ်တွေကို ဆက်လက် တိုက်ခိုက်နေခဲ့ပါတယ်။ အခုတော့ အမေရိကန် အစိုးရရဲ့ ကြားဝင် ညှိနှိုင်းပေးမှုကို လက်ခံပြီး အစ္စရေးရော၊ ဟစ်ဇ်ဘိုလာကပါ ရန်လိုမှုတွေကို ရပ်တန့်သွားဖို့ လက်ခံခဲ့ကြောင်း လက်ဘနွန်က ဆိုပါတယ်။

ဇွန်လ ၁ ရက်နေ့တုန်းက အမေရိကန် နိုင်ငံဆိုင်ရာ ဝါရှင်တန် သံရုံးက လူမှုကွန်ရက်ပေါ်မှာ ထုတ်ပြန်ခဲ့ပြီး လက်ဘနွန် သမ္မတရုံးက ပြန်လည် ဝေမျှထားတဲ့ ထုတ်ပြန်ချက်အရ ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေးကို တိုက်ခိုက်တော့မှာ မဟုတ်သလို အပြန်အလှန် အနေနဲ့ အစ္စရေးကလည်း လက်ဘနွန်နိုင်ငံ၊ ဘေရွတ်မြို့တော် တောင်ပိုင်းမှာရှိတဲ့ ဒါဟီယာ ဆင်ခြေဖုံး ဒေသမှာ တိုက်ခိုက်မှုတွေကို ရပ်တန့်မှာ ဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ မတိုင်ခင်မှာ အစ္စရေးက ဟစ်ဇ်ဘိုလာတွေရဲ့ ရန်လိုမှုကို ဦးချိုးဖို့အတွက် ဘေရွတ်တောင်ပိုင်း ဆင်ခြေဖုံးတွေကို ထပ်မံ တိုက်ခိုက်နိုင်ကြောင်း ခြိမ်းခြောက်ခဲ့ပါသေးတယ်။ အစ္စရေးဟာ ဟစ်ဇ်ဘိုလာတွေရဲ့ ရန်လိုမှုကို တုံ့ပြန်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လက်ဘနွန်မှာ စစ်ဆင်ရေးတွေကို အရှိန်မြှင့်လာခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုတွေအပြင် ခြေလျင်တပ်တွေပါ ကျူးကျော် ဝင်ရောက်စေခဲ့ပါတယ်။ မေလ ၃၁ ရက်နေ့မှာတော့ လက်ဘနွန် တောင်ပိုင်းမှာရှိတဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ရှေးဟောင်း ရဲတိုက်ကြီး ဗျုဖို့တ်ကိုပါ အစ္စရေးတပ်တွေက သိမ်းယူခဲ့ပါတယ်။ ဒါဟာ ၂၆ နှစ်အတွင်း လက်ဘနွန် ပိုင်နက်ထဲမှာ နယ်မြေတွေ ထိန်းချုပ်ဖို့ အစ္စရေးရဲ့ အနက်ရှိုင်းဆုံး ကျူးကျော် ဝင်ရောက်မှု ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

အီရန်ကို အမေရိကန်နဲ့ အစ္စရေးတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး ရက်အနည်းငယ်အကြာ မတ်လ ၂ ရက်နေ့မှာ ဟစ်ဇ်ဘိုလာတွေက အစ္စရေး မြောက်ပိုင်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့တဲ့နောက် အစ္စရေးက လက်ဘနွန် ပိုင်နက်ထဲမှာ စစ်ဆင်ရေးတွေ စတင်ခဲ့တာ ဖြစ်ပါတယ်။

ဇွန်လ ၁ ရက်နေ့မှာတော့ ထရမ့်က သူဟာ အစ္စရေးရော၊ ဟစ်ဇ်ဘိုလာကိုပါ တင်းမာမှုတွေ လျှော့ချကြဖို့ စည်းရုံး သိမ်းသွင်းနိုင်ခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့ပါတယ်။ ဘေရွတ်မြို့တော်ဆီ ဘယ်တပ်တွေမှ ချီတက်သွားမှာ မဟုတ်ကြောင်း၊ လောလောဆယ် ဘေရွတ်ဆီ ဦးတည်နေတဲ့ တပ်တွေလည်း နောက်ကြောင်း ပြန်လှည့်သွားမှာဖြစ်ကြောင်း ထရမ့်က ဆိုပါတယ်။ သူက အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုနဲ့ အရမ်း အပြုသဘောဆောင်တဲ့ ဖုန်းဆက် ဆွေးနွေးမှုမျိုး ရှိခဲ့တယ်လို့လည်း ပြောပါတယ်။ ဒါတင်မကဘဲ သူဟာ ဟစ်ဇ်ဘိုလာတွေနဲ့လည်း ကောင်းမွန်တဲ့ ညှိနှိုင်းမှုမျိုး လုပ်နိုင်ခဲ့ပြီး အီရန်မဟာမိတ် ပြောက်ကျားတွေက ပစ်ခတ်မှု အားလုံးကို ရပ်ထားဖို့ လက်ခံခဲ့ကြောင်း ထရမ့်က ဆက်ပြောခဲ့ပါတယ်။

ဟစ်ဇ်ဘိုလာတွေက အစ္စရေးကို တိုက်မှာ မဟုတ်သလို အစ္စရေးကလည်း ဟစ်ဇ်ဘိုလာတွေကို တိုက်မှာ မဟုတ်ဘူးလို့ ထရမ့်က ဆိုပါတယ်။ နောက်ပိုင်းမှာတော့ နေတန်ညာဟုက တကယ်လို့ ဟစ်ဇ်ဘိုလာတွေက ကတိဖျက်ပြီး အစ္စရေး မြို့ရွာတွေအပေါ် တိုက်ခိုက်မှုတွေ မရပ်ဘူးဆိုရင် ဘေရွတ်မှာရှိတဲ့ အကြမ်းဖက် ပစ်မှတ်တွေကို လက်တုံ့ပြန် တိုက်ခိုက်မယ်လို့ သူက ထရမ့်ဆီ အသိပေးခဲ့ကြောင်း ထုတ်ပြောပါတယ်။

ထရမ့်ကတော့ အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာကြား လက်ရှိ ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို အပြီးတိုင် ရပ်စဲပေးနိုင်ဖို့ မျှော်လင့်ထားကြောင်း သူ့ကိုယ်ပိုင် လူမှုကွန်ရက် မီဒီယာဖြစ်တဲ့ Truthမှာ ရေးသားထားခဲ့ပါတယ်။

အမေရိကန်နဲ့ စစ်ပြေငြိမ်းရေး ဆွေးနွေးနေတဲ့ အီရန် အစိုးရကလည်း လက်ဘနွန်မှာ အပစ်ရပ်သွားဖို့ဟာ အီရန်-အမေရိကန် သဘောတူညီမှု တစ်ခုခု ထွက်ပေါ်လာဖို့ အရေးကြီးတဲ့ လိုအပ်ချက်တစ်ခု ဖြစ်လိမ့်မယ်လို့ အစောပိုင်းမှာ ပြောကြားထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

ဆောင်းပါး

ဟိုတယ်ဆိုတာ ဝန်ဆောင်မှုရယ်၊ အခန်းတခန်းချင်းစီရဲ့ facilities တွေနဲ့အတူ အခန်းကနေမြင်ရတဲ့ အပြင်ဖက်မြင်ကွင်းတွေရဲ့ သာယာလှပ ကြည့်ချင်စဖွယ်တွေကို လိုက်ပြီး တည်းခိုခ ဈေးနှုန်းအမျိုးမျိုးနဲ့ ရောင်းကြတာပါ။ ဝန်ဆောင်မှုတွေ ကောင်းဖို့လိုသလို ဟိုတယ်ခန်းကနေ မြင်တွေ့ရတဲ့ view က လည်း အရေးကြီးတယ်ဆိုတာ သိကြပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ယူကရိန်း၊ အစ္စရေး ခေါင်းဆောင်တွေကို တစ်နေ့တည်း သီးခြားစီ လက်ခံတွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးတပ်တွေ ဆုတ်ခွာသွားတဲ့ ဇုန်နယ်မြေ တစ်ခုမှာ လက်ဘနွန် စစ်တပ်က ဝင်ရောက် ထိန်းချုပ် နေရာယူလိုက်ကြောင်း လက်ဘနွန် အစိုးရက ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို နည်းနည်းလေး ရန်စရင်တောင် အီရန်ကို ပြင်းပြင်းထန်ထန် လက်တုံ့ပြန်ဖို့ စိတ်ပိုင်းဖြတ်ထားကြောင်း အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။