ဟစ်ဇ်ဘိုလာတွေ အသုံးပြုနေတယ်ဆိုတဲ့ ဒရုန်းတစ်စီးကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီ (UNSC) အစည်းအဝေးမှာ အစ္စရေး သံအမတ်က ပြသခဲ့ပါတယ်။
ဇွန်လ ၃ ရက်နေ့မှာ ကုလသမဂ္ဂ (UN)ဆိုင်ရာ အစ္စရေး သံအမတ်ကြီး ဒန်နီဒါနွန်က အဲဒီ ဒရုန်းကို ယူဆောင်လာပြီး UNSC အဖွဲ့ဝင် နိုင်ငံတွေရဲ့ သံအမတ်တွေကို ပြသခဲ့တာ ဖြစ်ပါတယ်။ ပြီးတော့ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ နည်းပညာမြင့် ဒရုန်းတွေ ပိုင်ဆိုင်လာခြင်းက တဖြည်းဖြည်း ပိုမိုကြီးမားတဲ့ ခြိမ်းခြောက်မှု ဖြစ်လာနေတယ် ဆိုတာကို ဒါနွန်က သတိပေးခဲ့ပါတယ်။
ဟစ်ဇ်ဘိုလာတွေအပြင် ခေတ်သစ် စစ်ပွဲတွေမှာ တခြားသော လက်နက်ကိုင် တပ်ဖွဲ့တွေကလည်း နည်းပညာပိုင်း ပိုမိုမြင့်မားတဲ့ ဒရုန်းတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေတယ်လို့ ဒါနွန်က ဆိုပါတယ်။
ဟစ်ဇ်ဘိုလာတွေရဲ့ ဒရုန်းစွမ်းရည်ကို UNSCမှာ တင်ပြ ဆွေးနွေးချိန်မှာ ဒါနွန်ဟာ ပန်ကာလေးလုံးတပ် ဒရုန်းငယ်လေးကို လက်ထဲမှာ ကိုင်ဆောင်ပြထားခဲ့ပါတယ်။

Public Service Announcement
လက်ဘနွန် အခြေစိုက် ဟစ်ဇ်ဘိုလာ ပြောက်ကျားအဖွဲ့ဟာ ဒရုန်းအမျိုးမျိုးကို သုံးစွဲနေကြောင်း၊ သူ့လက်ထဲမှာ ရှိနေတာက နမူနာ တစ်ခုဖြစ်ပြီး အစ္စရေး ရင်ဆိုင်နေရတဲ့ ပကတိ အခြေအနေလည်းဖြစ်ကြောင်း သူက ပြောပါတယ်။
ဟစ်ဇ်ဘိုလာတွေ သုံးနေတဲ့ ဒရုန်းတွေထဲမှာ ဖိုင်ဘာအော့ပ်တစ် ကြိုးမျှင်တွေနဲ့ ချိတ်ဆက် ပျံသန်းတဲ့ နည်းပညာမြင့် အမျိုးအစားတွေပါ ပါဝင်နေတယ်လို့လည်း ဒါနွန်က မှတ်ချက်ပေးခဲ့ပါတယ်။ အဲဒီ ဒရုန်းတွေကို ထောက်လှမ်းဖို့၊ ကြားဖြန့်ဟန့်တားဖို့ ခက်ခဲပါတယ်။ ဒရုန်းတွေဟာ ၂ ကီလိုဂရမ် အောက်သာ အလေးချိန်ရှိပြီး အရမ်းနိမ့်နိမ့် ပျံသန်းတတ်ကြောင်း၊ ဒရုန်းတွေကို ကြိုတင် ထောက်လှမ်းဖို့ ခက်ခဲပြီး ခေါင်းပေါ်ရောက်နေလို့ သတိထားမိတဲ့ အချိန်ကျရင် နောက်ကျနေလောက်ပြီဖြစ်ကြောင်း သူက ဆိုပါတယ်။
ဒရုန်းနည်းပညာဟာ အများလက်လှမ်းမီလောက်အောင် အရမ်းကျယ်ပြန့်လာနေပြီး လက်နက်ကိုင် အဖွဲ့အစည်းတွေဟာ အဆင့်မြင့် ဒရုန်းတွေကို ကိုယ်တိုင်တည်ဆောက်ဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတွေကို အွန်လိုင်းမှာ လွယ်လွယ်ကူကူ မှာယူလို့ရတဲ့ အခြေအနေ ဖြစ်လာနေတယ်လို့လည်း အစ္စရေး သံအမတ်က ဆက်ပြောသွားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်တွေအတွင်း ဟစ်ဇ်ဘိုလာတွေဟာ အစ္စရေး-လက်ဘနွန် နယ်စပ်နားမှာ အစ္စရေးစစ်တပ်ရဲ့ ယာဉ်တွေကို ဖောက်ခွဲရေး ဒရုန်းတွေနဲ့ တိုက်ခိုက်တဲ့ ဗီဒီယိုတွေကိုလည်း ထုတ်ပြန် ပြသခဲ့ပါတယ်။
နိုင်ငံတကာ လက်နက်ရေးရာ ပါရဂူတွေက သေးငယ်ပြီး စျေးသက်သာတဲ့၊ ဝယ်ယူရ လွယ်ကူတဲ့ ဒရုန်းတွေဟာ ခေတ်သစ် စစ်ပွဲတွေရဲ့ စစ်မြေပြင်မှာ ကြီးမားတဲ့ အပြောင်းအလဲတွေ ဖြစ်လာနေစေကြောင်း သုံးသပ်ထားပါတယ်။ အစိုးရ တပ်တွေရော၊ အစိုးရ မဟုတ်တဲ့ လက်နက်ကိုင် အင်အားစုတွေပါ အဲဒီ ဒရုန်းတွေကို တိုက်ခိုက်ရေး၊ ကင်းထောက်ပျံသန်းမှု၊ ထောက်လှမ်းရေး ရည်ရွယ်ချက်တွေအတွက် တွင်တွင်ကျယ်ကျယ် အသုံးပြုလာနေကြောင်းလည်း သိရပါတယ်။
ကိုးကား: Daily Post


















































