Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဟောမုဇ်နားမှာ အရပ်ဖက် ရေယာဉ်တွေ တိုက်ခိုက် ခံရတဲ့နောက် အီရန်မှာ အမေရိကန် ဗုံးကြဲ

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန် ပိုင်နက်ထဲက စစ်ရေးပစ်မှတ် တချို့ကို ဗုံးကြဲခဲ့ပါတယ်။

ဓာတ်ပုံ - Getty Images

ဟောမုဇ် ရေလက်ကြား တဝိုက်မှာ အရပ်ဖက် ကုန်သွယ်ရေကြောင်း သင်္ဘောတွေ တိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အပြီး အမေရိကန်က အီရန် ပိုင်နက်ထဲက စစ်ရေးပစ်မှတ် တချို့ကို ဗုံးကြဲခဲ့ပါတယ်။

အဲဒီအခြေအနေက အီရန်နဲ့ အမေရိကန်ကြား လက်ရှိ ရယူထားတဲ့ အပစ်ရပ် သဘောတူညီမှုကို လှုပ်ခတ်လာစေသလို အီရန်ကလည်း အမေရိကန်ရဲ့ ရန်လိုမှုကို လက်တုံ့ပြန်ဖွယ်ရှိကြောင်း သတိပေးထားပါတယ်။

အမေရိကန် ဗဟိုစစ်ရေးဌာနချုပ် (CENTCOM)က ဟောမုဇ် ရေလက်ကြားကို ဖြတ်သန်းသွားတဲ့ ရေယာဉ် အနည်းဆုံး ၃ စီးကို အီရန်က တိုက်ခိုက်ခဲ့တဲ့အတွက် အားကောင်းတဲ့ အရေးယူ တုံ့ပြန်မှု တစ်ခုကို လုပ်ဆောင်ခဲ့ကြောင်း ဇူလိုင် ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အီရန်အစိုးရ မီဒီယာတွေက အီရန်ပိုင် ကာရှမ်ကျွန်းမှာ ဇူလိုင် ၇ ရက်နေ့က ပေါက်ကွဲသံ ၆ ခု ကြားခဲ့ရပြီး ဆီရစ်ခ်မြို့မှာတော့ ပေါက်ကွဲမှု ၇ ခု ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဆိပ်ကမ်းမြို့ တစ်ခုဖြစ်တဲ့ ဘန်ဒါ အဘက်စ်မှာလည်း ပေါက်ကွဲမှုတွေ ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်ရဲ့ ပစ်မှတ်တွေဟာ အီရန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေ၊ ကမ်းရိုးတန်း ထောက်လှမ်းရေး ရေဒါတွေ၊ ဝေဟင်ပစ် ဒုံးကျည်တွေ၊ သင်္ဘောဖျက် ခရုစ်ဒုံးကျည်တွေနဲ့ ဒရုန်းတွေ ပစ်လွှတ်ရာ နေရာတွေ ဖြစ်တယ်လို့ CENTCOMရဲ့ အရာရှိ တချို့က ပြောပါတယ်။

ဇူလိုင် ၆ ရက်နေ့ ညပိုင်းနဲ့ ၇ ရက်နေ့ မနက်အစောပိုင်းတွေအတွင်း ရေနံတင် သင်္ဘောတစ်စီးဟာ အမျိုးအမည်မသိ အရာတစ်ခု ထိမှန်ပြီး မီးလောင်တာ ကြုံတွေ့ခဲ့သလို နောက်ထပ် ရေယာဉ်နှစ်စီးလည်း တိုက်ခိုက် ခံခဲ့ရကြောင်း ဗြိတိန် ရေကြောင်းလုံခြုံရေး ကွပ်ကဲမှုဌာန (UKMTO)က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီထဲက တိုက်ခိုက်မှု တစ်ခုဟာ ဒရုန်းကို အသုံးပြုခဲ့တယ်ဆိုတာ အတည်ပြုနိုင်ကြောင်းလည်း သိရပါတယ်။

ဟောမုဇ်တဝိုက်မှာ အရပ်ဖက် သင်္ဘောတွေ ပစ်မှတ်ထား တိုက်ခိုက်ခံရတဲ့နောက် အမေရိကန်ဟာ အီရန်ရဲ့ ရေနံ တင်ပို့ခွင့်တွေ တားဆီးပိတ်ပင်ထားမှုကို ရက်ပေါင်း ၆၀ ဖြေလျှော့ပေးထားတာကိုလည်း ပြန်လည် ပယ်ဖျက်ခဲ့ပါတယ်။ အဲဒီ ဆုံးဖြတ်ချက်ကို အမေရိကန်က အတည်ပြုပြီး မရှေးမနှောင်းမှာပဲ အီရန်မှာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာပါ။

အီရန် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ အမေရိကန်ရဲ့ တိုက်ခိုက်မှုတွေဟာ နှစ်နိုင်ငံကြားက စစ်ပြေငြိမ်းရေး ဆွေးနွေးမယ့် နားလည်မှု စာချွန်လွှာ ကတိတွေကို ချိုးဖောက်တာ ဖြစ်တယ်လို့ စွပ်စွဲပြီး လက်တုံ့ပြန်မှုတွေ ရှိလာနိုင်ကြောင်း သတိပေးခဲ့ပါတယ်။

အမေရိကန်က စာချုပ်ချိုးဖောက်မှုနဲ့ ပတ်သက်လို့ ဖြစ်လာမယ့် အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး အီရန်က အလေးအနက် သတိပေးလိုက်ကြောင်း၊ အီရန်ဟာ အမျိုးသား လုံခြုံရေးနဲ့ အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ပြတ်သားတဲ့ အစီအမံတွေကို လုပ်ဆောင်သွားမှာဖြစ်ကြောင်း အီရန်ဖက်က ကြေညာခဲ့ပါတယ်။

ရေယာဉ်သုံးစီးလုံးဟာ ဟောမုဇ် ရေလက်ကြားနားက အိုမန်ကမ်းရိုးတန်းအလွန် ရေပြင်မှာ တိုက်ခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီထဲက တစ်စီးဟာ ကာတာပိုင် ဓာတ်ငွေ့တင်သင်္ဘော အယ်လ်ရက်ကေယတ် ရေယာဉ်ဖြစ်ကြောင်း ကာတာက အတည်ပြုခဲ့ပြီး ဒီတိုက်ခိုက်မှုတွေဟာ အီရန်လက်ချက်လို့ စွပ်စွဲခဲ့ပါတယ်။ နောက်ပိုင်းမှာ ကာတာ အစိုးရဟာ အီရန် သံအမတ်ကိုပါ ဆင့်ခေါ်ပြီး အခုဖြစ်စဉ်အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့သလို ရှင်းလင်းချက်လည်း တောင်းဆိုခဲ့ပါတယ်။

ဟောမုဇ်နားမှာ အရပ်ဖက် ရေယာဉ်တွေ ပစ်မှတ်ထား ခံရတာ၊ အမေရိကန်က အီရန်ကို တုံ့ပြန်တိုက်ခိုက်တာတွေအပြီး ရေနံစျေးကလည်း ၂ ရာခိုင်နှုန်းကျော် ပြန်မြင့်တက်လာကြောင်း သိရပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တူရကီဆီ F-35 တိုက်လေယာဉ်တွေ ရောင်းချရေး စဉ်းစားပေးမယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူလူထု ထိခိုက်မှု၊ နေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဒေသခံက အသိပေးပါတယ်။

နိုင်ငံတကာ

အီရန်အနေနဲ့ သဘောတူညီမှု တစ်ခုခုကို ရအောင် မရှာနိုင်ရင် အမေရိကန်က လုပ်လက်စ ကိစ္စတွေကို အပြီးအစီး လက်စသတ်မှာ ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောကြားခဲ့ပါတယ်။

သတင်း

ဟောမုဇ် ရေလက်ကြားနားက အိုမန်ကမ်းလွန် ရေပြင်မှာ ခုတ်မောင်းနေတဲ့ ရေနံတင် သင်္ဘောတစ်စီးကို အမျိုးအမည်မသိ အရာတစ်ခု ထိမှန်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ခဲ့ကြောင်း သိရပါတယ်။