ပြင်သစ်ဆီက တိုက်လေယာဉ် ၁၆ စီး ဝယ်ယူဖို့ ယူကရိန်းက စီစဉ်နေကြောင်း ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်က ပြောကြားခဲ့ပါတယ်။
ရုရှားနဲ့ စစ်ပွဲမှာ ယူကရိန်းကို ထောက်ခံကူညီပေးနေတဲ့ နိုင်ငံတချို့နဲ့ ဇူလိုင် ၁၃ ရက် ညပိုင်းက တွေ့ဆုံပြီးတဲ့နောက် မာခရွန်က အခုကိစ္စကို ကြေညာခဲ့တာပါ။ ယူကရိန်းဟာ ပြင်သစ်ရဲ့ Rafale တိုက်လေယာဉ်တွေနဲ့အတူ ဆက်စပ် လက်နက် စနစ်တွေကိုပါ ဝယ်ယူဖို့ ရည်ရွယ်ထားကြောင်းလည်း သိရပါတယ်။
သူနဲ့ ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးတို့ဟာ SAMP-T NG အမျိုးအစား လေကြောင်းကာကွယ်ရေး စနစ်တွေ အရောင်းအဝယ် ကိစ္စအတွက်လည်း လမ်းပြမြေပုံ တစ်ခုကို ညှိနှိုင်း သဘောတူထားပြီး ဖြစ်တယ်လို့ မာခရွန်က ဆိုပါတယ်။ ပြင်သစ်ဟာ ယူကရိန်းအတွက် ရေဒါစနစ်တွေနဲ့ ဒုံးကျည်တွေ ထောက်ပံ့ပေးဖို့ စီစဉ်နေတယ်လို့လည်း သူက ပြောပါတယ်။
ရုရှားရဲ့ လေကြောင်း စိုးမိုးမှု အသာစီး အခြေအနေကို တန်ပြန်ဖို့အတွက် ယူကရိန်းဟာ အနောက်နိုင်ငံတွေဆီက ခေတ်မီ တိုက်လေယာဉ်တွေကို အပူတပြင်း လိုအပ်နေပါတယ်။ စစ်ပွဲ ကာလအတွင်း ယူကရိန်း လေတပ်ဟာ ဆိုဗီယက်ခေတ် တိုက်လေယာဉ် အဟောင်း အတော်များများကို ဆုံးရှုံးခဲ့ပြီး ဖြစ်တာကြောင့် အနောက်နိုင်ငံလုပ် တိုက်လေယာဉ်တွေကို ပိုမို လိုအပ်လာနေပါတယ်။

Public Service Announcement
မေလတုန်းက ယူကရိန်းဟာ ဆွီဒင်ဆီက Gripen E အမျိုးအစား အဆင့်မြင့် တိုက်လေယာဉ် အစီး ၂၀ ကို ဝယ်ယူဖို့ စာချုပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဆွီဒင်က Gripen Eတွေထက် နည်းပညာပိုင်း ပိုနိမ့်တဲ့ Gripen Cနဲ့ Gripen D တိုက်လေယာဉ် ၁၆ စီးကိုလည်း ယူကရိန်းဆီ သီးခြား လွှဲအပ်ပေးဖို့ ကတိပေးခဲ့ပါတယ်။
ယူကရိန်းဟာ ဥရောပ မဟာမိတ် နိုင်ငံတချို့က လက်လွှဲပေးတဲ့ အမေရိကန်လုပ် F-16 အပေါ့စား တိုက်လေယာဉ်တွေကိုလည်း လက်ခံရရှိထားပါတယ်။ အဲဒီလေယာဉ်တွေဟာ ရုရှားရဲ့ ဒုံးကျည်တွေနဲ့ ဒရုန်းတွေကို ကြားဖြတ် ပစ်ချတဲ့ စစ်ဆင်ရေးတွေမှာ ယူကရိန်းအတွက် အားအထားရဆုံး စစ်လက်နက် ပလက်ဖောင်းတွေ ဖြစ်လာပါတယ်။
တကယ်လို့ ပြင်သစ်နဲ့ ယူကရိန်းတို့ကြားက တိုက်လေယာဉ် အရောင်းအဝယ်ကိစ္စက မျှော်လင့်ထားသလို ချောချောမောမော အထမြောက်ခဲ့မယ်ဆိုရင် Rafale တိုက်လေယာဉ်တွေဟာ ၂၀၂၈ ဒါမှမဟုတ် ၂၀၂၉ လောက်မှာ ယူကရိန်း ဝေဟင်ပိုင်နက်ကို ကာကွယ်ဖို့ စတင် ပျံသန်းလာနိုင်ဖွယ် ရှိနေပါတယ်။
ယူကရိန်းဟာ Rafale တိုက်လေယာဉ်တွေ ထုတ်လုပ်တဲ့ Dassault Aviation ကုမ္ပဏီဆီကနေ လိုအပ်ချက်အပေါ် မူတည်ပြီး တိုက်လေယာဉ် အစီး ၁၀၀ ထိ ဝယ်ယူဖို့ သဘောတူ စာချုပ်တစ်ခုကို မနှစ်က နိုဝင်ဘာလတုန်းက ချုပ်ဆိုခဲ့ပါတယ်။ အလားတူ အောက်တိုဘာလတုန်းကလည်း ဆွီဒင်ရဲ့ Saab ကုမ္ပဏီဆီကနေ Gripen အစီး ၁၅၀ ထိ ဝယ်ယူနိုင်မယ့် သဘောတူ စာချုပ်ကို ယူကရိန်း အစိုးရက လက်မှတ်ရေးထိုးခဲ့ကြောင်း သိရပါတယ်။
ကိုးကား: Defence News


















































