ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။
သေဆုံးသူ ၃၃ ဦးစလုံးကို ရင်ခွဲစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အဓိက သေဆုံးမှု အကြောင်းရင်းက မီးခိုးမွှန်ခြင်း ဖြစ်တယ်လို့ ရဲတွေက အတည်ပြုခဲ့ပါတယ်။ သေဆုံးသူတွေထဲက စုစုပေါင်း ၂၇ ဦးဟာ မီးခိုးမွှန်ရာကနေ ကာဘွန်မိုနော့ဆိုက်နဲ့ ဆိုင်ယာနိုက် အဆိပ်ဓာတ်ငွေ့တွေ အများအပြား ရှူရှိုက်မိပြီး သေဆုံးခဲ့တာလို့ ဆိုပါတယ်။
အဲဒီ အဆိပ်ဓာတ်ငွေ့တွေဟာ ဘားအဆောက်အအုံ အတွင်းပိုင်း မီးလောင်ရာကနေ ထွက်ပေါ်လာတာ ဖြစ်တယ်လို့ မှုခင်း ရဲတပ်ဖွဲ့ ဆေးပညာဌာန အကြီးအကဲ ဝီရွန် ဆူပါဆင်ဆီရီပရီချာက ပြောကြားခဲ့ပါတယ်။ အဲဒီ အဆိပ်တွေ အများအပြား ရှူရှိုက်မိသူတွေရဲ့ သွေးထဲကို အောက်စီဂျင် မရောက်နိုင်တော့ဘဲ အသက်ဆုံးရှုံးခဲ့တာလို့ သူက AFP သတင်းဌာနဆီ မှတ်ချက်ပေးခဲ့ပါတယ်။
အဲဒီဓာတ်ငွေ့တွေကို အမြောက်အမြား ရှူမိရင် ၄ မိနစ်အတွင်း သေစေနိုင်တယ်လို့ သူက ပြောပါတယ်။ နောက်ထပ် သေဆုံးသူ ၆ ဦးကတော့ အပြင်းအထန် မီးလောင်ကျွမ်းတဲ့ ဒဏ်ရာရလို့ ဆေးရုံရောက်မှ သေဆုံးခဲ့ကြတာလို့ ဝီရွန်က ပြောဆိုသွားပါတယ်။

Public Service Announcement
ဇူလိုင် ၁၂ ရက် ညသန်းခေါင်ကျော်တုန်းက ဖြစ်ပွားခဲ့တဲ့ မီးလောင်မှုမှာ ၃၃ ဦးသေပြီး ၇၇ ဦး ဒဏ်ရာရခဲ့ကြောင်း အာဏာပိုင်တွေက ကြေညာထားပါတယ်။ ဘားပိုင်ရှင်ဟာ မီးလောင်မှု အပြီးမှာတော့ ဆေးရုံမှာ အထူးကြပ်မတ် ကုသမှု ခံယူခဲ့ရပြီး လက်ရှိ အချိန်ထိ ဆေးရုံတက်နေရဆဲပဲလား ဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။
ထိုင်းရဲတပ်ဖွဲ့ အရာရှိ တစ်ဦးဖြစ်တဲ့ ဆီယမ် ဘွန်ဆွမ်ကတော့ နောက်ဆက်တွဲ စုံစမ်းမှုတွေအရ ဘားဖွင့်ထားတဲ့ အဆောက်အအုံမှာ ခွင့်ပြုမထားတဲ့ ဗို့အားမြင့် ဓာတ်အားသွယ်တန်းမှုတွေ လုပ်ဆောင်ထားတာကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း၊ ဒီကိစ္စဟာ မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်း တစ်ခုလို့ ယူဆရကြောင်း မှတ်ချက်ပေးသွားပါတယ်။
သေဆုံးသူ များပြားခဲ့တဲ့ အရက်ဘား မီးလောင်မှု အပြီးမှာတော့ ဘန်ကောက် အုပ်ချုပ်ရေးဌာနက မြို့ထဲမှာရှိတဲ့ ဘီယာဘားနဲ့ ညကလပ်တွေ စုစုပေါင်း ၁၀၀၀ ကျော်လောက်ကို လုံခြုံရေး အစီအမံတွေနဲ့ ပတ်သက်လို့ ပြန်လည် စစ်ဆေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။
ကိုးကား: AFP


















































