Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မက္ကဆီကိုက မဂ္ဂနီကျု ၇.၃ အဆင့် ငလျင်ကြီးအပြီး ဆူနာမီ သတိပေးချက် ထုတ်ပြန်မှုကို ပြန်လည်ရုပ်သိမ်း

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

မက္ကဆီကို တောင်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ လှုပ်ခတ်သွားတဲ့ မဂ္ဂနီကျု ၇.၃ အဆင့် အင်အားပြင်း ငလျင်ကြီးကြောင့် ထုတ်ပြန်ခဲ့တဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို နာရီပိုင်း အကြာမှာ ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

ငလျင်ရဲ့ ဗဟိုချက်ဟာ မက္ကဆီကိုအပြင် အိမ်နီးချင်း ဂွာတီမာလာနဲ့လည်း နီးကပ်ခဲ့ပြီး သိသာတဲ့ လှုပ်ခတ်မှုဒဏ်ကို ခံစားခဲ့ရပါတယ်။ ဇူလိုင် ၁၇ ရက်နေ့က ငလျင်လှုပ်ခတ်ပြီးတဲ့နောက် မက္ကဆီကို၊ ဂွာတီမာလာနဲ့ အယ်လ်ဆာဗေးဒိုး နိုင်ငံတွေရဲ့ ကမ်းခြေဒေသတွေမှာ ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေကို ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ သတိပေးချက် အားလုံးကို ပြန်လည် ရုပ်သိမ်းခဲ့ပါတယ်။

အမေရိကန် ငလျင်တိုင်းတာရေး အေဂျင်စီ (USGS)ရဲ့ အဆိုအရ ငလျင်ရဲ့ ဗဟိုချက်ဟာ မက္ကဆီကိုပိုင် အာကွီလက်စ် ဆာဒန်မြို့ရဲ့ အနောက်တောင်ဖက် မိုင် ၃၀ လောက်အကွာ၊ ချီယာပက်စ် ကမ်းရိုးတန်း အလွန်မှာ ဖြစ်တယ်လို့ သိရပါတယ်။

မဂ္ဂနီကျု ၇.၃ အဆင့် ငလျင်ကြီးအပြီး နောက်ဆက်တွဲ ငလျင်တချို့လည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပြီး အပြင်းထန်ဆုံး တစ်ကြိမ်က မဂ္ဂနီကျု ၆.၀ အဆင့်လောက် ရှိခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု ကြီးကြီးမားမား မဖြစ်ခဲ့ပေမယ့် ငလျင်လှုပ်နေချိန် အတောအတွင်းမှာတော့ လူတွေ အများအပြား အရေးပေါ် ရွှေ့ပြောင်းခဲ့ရပါတယ်။ ပြီးတော့ ငလျင်နဲ့ ဆက်စပ်လို့ လူ ၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက တစ်ဦးဟာ မက္ကဆီကိုမှာ နေထိုင်တဲ့ အသက် ၃၀ ကျော်အရွယ် ဟေတီ အမျိုးသမီး တစ်ဦးဖြစ်ပြီး ၁၃ ပေ အမြင့် တိုက်ခန်းပေါ်ကနေ ခုန်ချခဲ့ရာက အရိုးကျိုးသွားခဲ့တာပါ။ သူဟာ ဆေးရုံတက် ကုသမှု ခံယူနေရပြီး အသက်အန္တရာယ်တော့ မရှိပါဘူး။

မက္ကဆီကိုရဲ့ အဓိက မြို့ကြီးတစ်ခုဖြစ်တဲ့ တာပါချူလာဟာ လှုပ်ခတ်မှုကို သိသိသာသာ ခံစားရတဲ့ နေရာတစ်ခုပါ။ ဒေသခံတွေရဲ့ အဆိုအရ ငလျင်ဟာ အစောပိုင်းမှာ ငြိမ့်ငြိမ့်လေး လှုပ်ခဲ့ပြီး နောက်တော့ တဖြည်းဖြည်းချင်း ခါရမ်းမှုတွေ ပြင်းထန်လာတယ်လို့ သိရပါတယ်။

ဂွာတီမီလာရဲ့ မြို့တော်ဖြစ်တဲ့ ဂွာတီမာလာစီးတီးမှာလည်း ငလျင်က အတော်ကြီး အချိန်ကြာအောင် လှုပ်နေခဲ့တာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်ခဲ့ပါတယ်။ ငလျင်လှုပ်တာက ရုံးတွေ စတက်တဲ့ အချိန်လောက်မှာဖြစ်ပြီး တချို့ အဆောက်အအုံတွေမှာတော့ လူတွေကို အရေးပေါ် ရွှေ့ပြောင်းစေခဲ့ရပါတယ်။ ဒါပေမဲ့ ငလျင်ကြောင့် သိသာထင်ရှားတဲ့ ထိခိုက်ပျက်စီးမှု သတင်းမျိုး မရရှိခဲ့ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။

ဂွာတီမာလာ ပညာရေး ဝန်ကြီးဌာနကတော့ ငလျင်ဗဟိုချက်နဲ့ နီးကပ်တဲ့ ဆန်မားကို့စ်၊ ကွန်ဇယ်လ် တီနန်ဂို၊ ဆူချီတီပါကွက်ဇ်နဲ့ ရက်တယ်ဟူလူ ဒေသတွေမှာ အဲဒီနေ့အတွက် ကျောင်းတွေ မဖွင့်ဖို့ ညွှန်ကြားခဲ့ပါတယ်။

မက္ကဆီကို သမ္မတ ကလော်ဒီယာ ရှိန်ဘွမ်းကလည်း ကနဦး ဆန်းစစ်မှုတွေအရ ပြည်တွင်းမှာ ကြီးမားပြင်းထန်တဲ့ ထိခိုက်မှုမျိုး မတွေ့ရဘူးလို့ ပြောပါတယ်။ ဒါပေမဲ့ မက္ကဆီကို ရေတပ်ကတော့ ကမ်းရိုးတန်း ဒေသတွေမှာ နေထိုင်သူတွေ အနေနဲ့ ဆူနာမီ ရေလှိုင်းအန္တရာယ် ရှိနိုင်တာကြောင့် နောက်ထပ် ၆ နာရီအတွင်း ကမ်းခြေတဝိုက်ကို မသွားကြဖို့ ညွှန်ကြားခဲ့ပါတယ်။

မက္ကဆီကို တောင်ပိုင်းတဝိုက် ဒေသဟာ ငလျင်ကြီးတွေ လှုပ်ခတ်မှုကို အခါအားလျော်စွာ ကြုံတွေ့ရလေ့ ရှိသလို အများအားဖြင့်လည်း အသေအပျောက်တွေ၊ ပျက်စီးမှုတွေ ဖြစ်ပေါ်လေ့ ရှိခဲ့ပါတယ်။ နှစ်ဆန်းပိုင်းတုန်းက လှုပ်ခတ်ခဲ့တဲ့ အားပြင်းတဲ့ ငလျင်တစ်ခုဒဏ်ကို မက္ကဆီကို တောင်ပိုင်းနဲ့ အလယ်ပိုင်းတွေမှာ ၂ ဦးသေပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါတယ်။ ၂၀၁၇ တုန်းကလည်း မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် မက္ကဆီကို စီးတီးမှာ လူပေါင်း ရာနဲ့ချီ အသက်ဆုံးရှုံးခဲ့ပါတယ်။

ကိုးကား: Independent

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ရွှေဘိုမြို့မှာဒီနေ့ မနက်က လှုပ်သွားတဲ့ ရစ်ခ်တာစကေး ၅ဒဿမ၂အဆင့်ငလျင်ကြောင့် စစ်ကိုင်းတိုင်းအပြင် မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်အထိ သိသိသာသာခံစားခဲ့ရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နဲ့ မန္တလေးတိုင်း၊ စဥ်ကူးမြို့တို့မှာ ဒီကနေ့ မနက်က ငလျင် ၂ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့လူမှုရေးရာ၊အလုပ်သမားနှင့် လူသားချင်းစာနာ ထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ချိန်ပြိုကျပြီးလူ ၂၀၀ ကျော်ပိတ်မိသေဆုံးစေခဲ့တဲ့မန္တလေးမြို့ရှိ Sky Villa ကွန်ဒိုတည်ဆောက်တဲ့ NTL ဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင်ဦးနိုင်ထွန်းလင်းကိုထောင်ဒဏ်ငါးနှစ်ချထားရာကနေနောက် ထပ်နှစ်နှစ်ထပ်တိုး လိုက်တယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီကသိရပါတယ်။

သတင်း

ချင်းပြည်နယ်၊မင်းတပ်မြို့အနီးမှာမြေအနက် ၁၀ ကီလိုမီတာ(၆မိုင်ခန့်)ကို ဗဟိုပြုပြီး ရစ်ခ်တာစကေး၄ ဒဿမ၂ အဆင့်ငလျင်လှုပ်သွားပါတယ်။