ဗြိတိန်နိုင်ငံမှာ ရထားလမ်းချော်မှု ဖြစ်ပွားခဲ့ပြီး ၁၈ ဦး ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။
ဩဂုတ် ၁၃ ရက်နေ့တုန်းက အင်္ဂလန် တောင်ပိုင်း၊ အရှေ့ဆက်ဆက်စ် ဒေသနားက လီဝက်စ် ဧရိယာမှာ ခရီးသည်တင် ရထားတစ်စီး လမ်းချော်မှု ဖြစ်ခဲ့တာပါ။
ရထားရဲ့ နောက်ဆုံးအတွဲ သုံးခုဟာ သံလမ်းပေါ်က ချော်ထွက်သွားပြီး တိမ်းမှောက်သွားခဲ့တာ ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ ရထားတွဲတွေထဲမှာ ပိတ်မိနေသူတွေကို ရှာဖွေပြီး ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
ဒဏ်ရာရသူ ၁၈ ဦး ရှိခဲ့ကြောင်း၊ ၂ ဦးရဲ့ ဒဏ်ရာတွေက ပြင်းထန်ပေမယ့် ကျန်တဲ့ ၁၆ ယောက်ကတော့ စိုးရိမ်စရာ မရှိကြောင်း ဒေသခံ လူနာတင်ယာဉ် ဝန်ဆောင်မှု အဖွဲ့အစည်း တစ်ခုက အတည်ပြုခဲ့ပါတယ်။

Public Service Announcement
ရထားလမ်းချော်တဲ့ နေရာမှာတော့ မီးသတ်တပ်ဖွဲ့ဝင်တွေ၊ ရဲတွေနဲ့ စေတနာ့ဝန်ထမ်းတွေ စုဝေးရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ပါတယ်။
ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ဗီဒီယိုတွေထဲမှာတော့ ရထားလမ်းချော်တဲ့ နေရာနားမှာ မီးသတ်ကားတွေ၊ လူနာတင်ယာဉ်တွေအပြင် လူနာတင်တဲ့ ရဟတ်ယာဉ် သုံးစီးပါ ရပ်တန့်ထားတာကို တွေ့ရပါတယ်။
လမ်းချော်သွားတဲ့ ရထားတွဲတွေထဲမှာ ခရီးသည် ၁၅၀ လောက် စီးနင်းလိုက်ပါခဲ့ပြီး အားလုံးကို ရွှေ့ပြောင်းပေးပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။ ဆေးရုံပို့စရာ မလိုတဲ့ ဒဏ်ရာရသူတွေကို နီးစပ်ရာ လူမှုကူညီရေး အသင်းတစ်ခုဆီ ပို့ဆောင်ပေးပြီး နောက်ထပ် လိုအပ်တဲ့ အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။
ရထားလမ်းချော်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။ ဒါပေမဲ့ သက်ဆိုင်ရာ အာဏာပိုင် အဖွဲ့အစည်းတွေက စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။ ခရီးသည် တစ်ဦးကတော့ တကယ့် ကြောက်စရာ အတွေ့အကြုံ တစ်ခုလို့ မှတ်ချက်ပေးခဲ့ပြီး ကျယ်လောင်တဲ့ အသံကြီးတစ်ခု ကြားလိုက်တဲ့နောက် အရာအားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ကြောင်း ပြောကြားသွားပါတယ်။
ဗြိတိန် အစိုးရ သယ်ယူပို့ဆောင်ရေး ဝန်ကြီး ဟေဒီ အလက်ဇန္ဒားက သတင်းကြားကြားချင်း အရမ်း စိုးရိမ်ခဲ့ကြောင်းနဲ့ အမြန်ဆုံး သွားရောက်ပြီး အကူအညီ ပေးခဲ့ကြတဲ့ ကယ်ဆယ်ရေး ဝန်ထမ်းတွေ၊ တခြားပုဂ္ဂိုလ်တွေကို အထူးကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။
ဗြိတိန်မှာ ဆိုးရွားတဲ့ အပူလှိုင်းဒဏ် ခံစားနေရတဲ့ အချိန်မှာ အခုလို ရထားလမ်းချော်မှု ဖြစ်ခဲ့တာပါ။ အရမ်းပူတဲ့ ရာသီဥတုဟာ ရထားသံလမ်းတွေကို ပွလာစေပြီး တွန့်သွားတာ၊ ပုံပျက်ကွေးညွတ်သွားတာတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမဲ့ အခုရထား လမ်းချော်မှုဟာ ရာသီဥတုကြောင့်လား ဆိုတာကိုတော့ တိတိကျကျ အတည်မပြုနိုင်သေးပါဘူး။
ကိုးကား: CNN


















































